(ပြည်တွင်း) အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူကို အင်းလေးဒေသ ဝဲယာ ၂၁ ဌာနသို့ ဒေသစာရီကြွချီ အပူဇော်ခံပင့်ဆောင်ပွဲကို ယနေ့တွင် ရုပ်ရှင်တော်မြတ်များ သီတင်းသုံးစံပယ်တော်မူရာ နမ့်ဟူးရတနာစံကျောင်းတော်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ညောင်ရွှေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောလွင်က ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ အင်းလေးဒေသ ဝဲယာ ၂၁ ဌာနသို့ ဒေသစာရီကြွချီ အပူဇော်ခံကြွချီမည့်အကြောင်း လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားခဲ့သည်။
ထို့နောက် ဖောင်တော်ဦးရုပ်ရှင်တော်မြတ်လေးဆူကို သက်ဆိုင်ရာတာဝန်ရှိသူများက အစီအစဉ်အတိုင်း ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
ပထမအဆူကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်ကလည်းကောင်း၊ ဒုတိယအဆူကို ကလောခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်ကလည်းကောင်း၊ တတိယအဆူကို အမှတ် (၅၅) ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်မှူးကြီး မြင့်သူကလည်းကောင်း၊ စတုတ္ထအဆူကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရဲမြင့်စိုးကလည်းကောင်း ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
အဆိုပါ ရုပ်ရှင်တော်မြတ်လေးဆူကို အင်းသားရိုးရာဆွဲလှေ ၁၂ စင်းဖြင့် သတ်မှတ်ရေလမ်းခရီးအတိုင်း ပင့်ဆောင်ပူဇော်ခဲ့ကြပြီး ယနေ့တွင် ကြေးပေါခုံစံကျောင်းတော်၌ တစ်ညတာ ကိန်းဝပ်စံပယ်တော်မူမည်ဖြစ်သည်။
ဆက်လက်၍ အောက်တိုဘာ ၁၃ ရက်တွင် အင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမစံကျောင်းတော်သို့ ဆက်လက်ကြွချီအပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN