ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ပြီးစီးခဲ့သူများအနက် ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသူတစ်ဦးအား မလေးရှားနိုင်ငံသို့ စတင်စေလွှတ်

(ပြည်တွင်း) အောက်တိုဘာ ၁၃

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ပြီးစီးခဲ့သူများအနက် ပြည်ပသို့ သွားရောက် လုပ်ကိုင်လိုသူများကို ၎င်းတို့၏ ဆန္ဒအရ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိရာ မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် ပြည်သူ့စစ်မှုထမ်းတစ်ဦးအား စတင်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အလုပ်သမားဝန်ကြီးဌာနသည် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် ဝန်ဆောင်ခ သက်သာစွာ သို့မဟုတ် အလုပ်ရှင်၏ ကုန်ကျစရိတ်ဖြင့် သွားရောက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ လိုင်စင်ရ အေဂျင်စီများနှင့် ချိတ်ဆက်၍ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးစီးသူများအနက် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသည့် ပြည်သူ့စစ်မှုထမ်းတစ်ဦးအား အောက်တိုဘာလ ၇ ရက်နေ့တွင် Golden Plant Services Co., Ltd. အစီအစဉ်ဖြင့် စတင်စေလွှတ်ပေးခဲ့ရာ လက်ရှိတွင် မလေးရှားနိုင်ငံ၌ လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်းလည်း သိရသည်။

ဆက်လက်၍လည်း ထိုင်းနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းသို့ ၅ ဦးနှင့် မလေးရှားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းသို့ ၅ ဦးတို့အား အမြန်ဆုံး စေလွှတ်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ခဲ့သူများနှင့် မိသားစုဝင်များ၏ လူမှုစီးပွားဘဝကို ပိုမိုကောင်းမွန် လာစေမည်ဖြစ်ကြောင်း သိရှိရသည်။