(ပြည်တွင်း) အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရှိ ပိုင်ကမာတောရကျောင်းအနောက်ဘက် ရေကန်တွင် အောက်တိုဘာ ၁၁ ရက်က ရေနစ်နေသူတစ်ဦးကို ရှာဖွေကယ်ဆယ်ခဲ့ရာ ညနေ ၄ နာရီခွဲတွင် ရုပ်အလောင်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပိုင်ကမာတောရကျောင်း၌ အလုပ်လုပ်ကိုင်နေသည့် ပန်းရံအလုပ်သမား မောင်ထိန်းလင်း၊ အသက် ၂၇ နှစ်သည် အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကျောင်းအနောက်ဘက်ရှိ ရေကန်အတွင်း ရေနစ်နေကြောင်း သတင်းရရှိခဲ့ခြင်းဖြစ်သည်။
သတင်းရရှိပြီးနောက် မုဒုံမြို့နယ်ရဲစခန်းမှ စခန်းမှူးနှင့် နယ်ထိန်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပရဟိတအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရေကန်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ကနဦးတွင် ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့နောက် မော်လမြိုင် ရာမညကယ်ဆယ်ရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ရာ အဖွဲ့ဝင်များက လာရောက်ရှာဖွေကယ်ဆယ်ခဲ့ပြီး ညနေ ၄ နာရီခွဲတွင် မောင်ထိန်းလင်း၏ ရုပ်အလောင်းကို ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။ဆယ်ယူရရှိသည့် ရုပ်အလောင်းကို မုဒုံမြို့နယ် ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN