(ပြည်တွင်း) စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း ရုံးအဆောက်အအုံသစ် ပန္နက်တင်အခမ်းအနားကို ယမန်နေ့က အဆိုပါရုံးနေရာ၌ ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး တက်ရောက်ခဲ့သည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်သတ္တုထုတ်လုပ်ရန် ခွင့်ပြုမိန့်ရရှိထားသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ့သတ္တုတွင်းဥပဒေနှင့် နည်းဥပဒေများအရ ချုပ်ဆိုထားသည့် စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်၊ ထုတ်လုပ်မှုကိန်းဂဏန်းများ တင်ပြရာတွင် မှန်ကန်တိကျစွာ တင်ပြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန် ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။
ထို့အပြင် စက်တင်ဘာ ၂၇ ရက်ကလည်း ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့ရှိ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၏ အမှတ် (၃၃) အကြီးစားစက်ရုံဖြစ်သည့် ကျောက်ဆည်ဘိလပ်မြေစက်ရုံနှင့် ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာရှိ ထုံးကျောက်အကြီးစားလုပ်ကွက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများကို မှာကြားခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများနှင့် လုပ်ငန်းရုံးခွဲများကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN