တာဂျစ်ကစ္စတန် စီးပွားရေး ၈.၂ ရာခိုင်နှုန်းတိုးတက်သော်လည်း ပြည်ပငွေလွှဲနှင့် နိုင်ငံပိုင်လုပ်ငန်းများအပေါ် မှီခိုနေရဆဲ

(စီးပွားရေး) စက်တင်ဘာ ၃၀

တာဂျစ်ကစ္စတန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) သည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပုံသေရင်းနှီးမြှုပ်နှံမှု (Fixed-Capital Investment) သည် ၁၈.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ဇွန် ၃၀ ရက်တွင် ကမ္ဘာ့ဘဏ်က တာဂျစ်ကစ္စတန်အစိုးရ၏ အဓိကစီမံကိန်းဖြစ်သည့် Rogun ရေအားလျှပ်စစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထပ်မံထောက်ပံ့ရန် အတည်ပြုခဲ့သည်။ လျင်မြန်သော စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံတကာဘက်စုံအဖွဲ့အစည်းများ၏ ထပ်မံပံ့ပိုးမှုများသည် အစိုးရဦးဆောင်သည့် ရင်းနှီးမြှုပ်နှံမှုများကို နှစ်ပေါင်းများစွာ ပြုလုပ်လာခဲ့ခြင်း၏ အကျိုးရလဒ်ကို ထင်ဟပ်နေသည်။

သို့သော် ယင်းစီးပွားရေးတိုးတက်မှုသည် အနာဂတ်တွင် ပြန်လည်ပေးဆပ်ရမည့် တာဝန်များကို ဖြည့်ဆည်းနိုင်ရန် လုံလောက်သည့် ပို့ကုန်ဝင်ငွေများ ဖန်တီးပေးနေခြင်း ရှိ၊ မရှိနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ဝင်ငွေ၊ အစိုးရအသုံးစရိတ်များအပေါ် ဆက်လက်မှီခိုနေရဆဲ ဟုတ်၊ မဟုတ်ဆိုသည့် မေးခွန်းများလည်း ပေါ်ပေါက်နေသည်။

တာဂျစ်ကစ္စတန်၏ ခိုင်မာသည့် စီးပွားရေးတိုးတက်မှုနောက်ကွယ်တွင် ပြည်ပနှင့် ဘဏ္ဍာရေးဆိုင်ရာ အားနည်းချက်များလည်း ရှိနေကြောင်း သုံးသပ်ထားသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးတိုးတက်မှုဆိုင်ရာ ကိန်းဂဏန်းများ ကောင်းမွန်နေသော်လည်း စီးပွားရေးဖွဲ့စည်းပုံမှာ ပြည်ပမှ ငွေလွှဲပို့မှုများ၊ ပို့ကုန်အခြေခံ ကျဉ်းမြောင်းမှုနှင့် နိုင်ငံပိုင်ကုမ္ပဏီများအပေါ် မှီခိုနေရပြီး ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီများလည်း တိုးပွားလာနေကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်ကလည်း တာဂျစ်ကစ္စတန်ကို ကြွေးမြီအခက်အခဲ ဖြစ်နိုင်ခြေမြင့်မားသည့် နိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ ယင်းသည် မကြာမီ ကြွေးမြီပျက်ကွက်မည်ဟု ဆိုလိုခြင်းမဟုတ်သော်လည်း ဘဏ္ဍာငွေရှာဖွေမှုဆိုင်ရာ အမှားအယွင်းတစ်ရပ် သို့မဟုတ် ပြင်ပမှ ထိခိုက်မှုတစ်ရပ် ဖြစ်ပေါ်လာပါက ရင်ဆိုင်ဖြေရှင်းနိုင်မည့် ဘဏ္ဍာရေးနေရာ အကန့်အသတ်ရှိနိုင်ကြောင်း သုံးသပ်ထားသည်။

ပုံသေရင်းနှီးမြှုပ်နှံမှု မြင့်တက်မှု၏ အဓိပ္ပာယ်

ပုံသေရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ အဆောက်အအုံများ၊ စက်ယန္တရားများနှင့် အခြေခံအဆောက်အအုံများအတွက် သုံးစွဲသည့်ငွေကို တိုင်းတာခြင်းဖြစ်ပြီး အမြတ်အစွန်းရှာဖွေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ တာဂျစ်ကစ္စတန်သို့ ဝင်ရောက်လာခြင်းကို တိုက်ရိုက်ဖော်ပြသည့် အညွှန်းကိန်းမဟုတ်ကြောင်း သုံးသပ်ထားသည်။

ကမ္ဘာ့ဘဏ်၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် တာဂျစ်ကစ္စတန်၏ စီးပွားရေးတိုးတက်မှု ၈.၄ ရာခိုင်နှုန်းရှိခဲ့သော်လည်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

တာဂျစ်ကစ္စတန်၏ နိုင်ငံခြားငွေ ရရှိသည့် အဓိကရင်းမြစ်မှာ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ ရရှိသည့် ငွေလွှဲပို့မှုများဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ ငွေလွှဲပို့မှုများသည် GDP ၏ ၄၆ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်ခဲ့သည်။

အလူမီနီယံနှင့် အခြားပို့ကုန်များမှာလည်း အရေးပါသော်လည်း TALCO ၏ မဟာဗျူဟာအရ အရေးပါမှုသည် ၎င်းကို နိုင်ငံ၏ အဓိကနိုင်ငံခြားငွေရင်းမြစ် ဖြစ်စေခြင်းမရှိကြောင်း သုံးသပ်ထားသည်။ ထို့ကြောင့် စီးပွားရေး၏ အဓိကပြည်ပဝင်ငွေမှာ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများထံမှ ဆက်လက်ရရှိနေခြင်းဖြစ်သည်။

ဆင်းရဲနွမ်းပါးမှုနှင့် နိုင်ငံခြားငွေအရန်ငွေ တိုးတက်လာ

ကမ္ဘာ့ဘဏ်၏ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၄.၂၀ အောက်ဖြင့် နေထိုင်ရသည့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ရှိ လူဦးရေအချိုးသည် ၂၀၁၀ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်းမှ ၂၀၂၅ ခုနှစ်တွင် ၁၄.၈ ရာခိုင်နှုန်းခန့်အထိ ကျဆင်းခဲ့ကြောင်း သိရသည်။

နိုင်ငံခြားငွေကြေးအရန်ငွေမှာလည်း အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး သွင်းကုန်များကို ရှစ်လကျော်အထိ ဖြည့်ဆည်းနိုင်သည့် ပမာဏဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းတိုးတက်မှုများကြောင့် တာဂျစ်ကစ္စတန်၏ စီးပွားရေးသည် အားနည်းလွယ်သည့် အခြေအနေသက်သက်မဟုတ်ဘဲ ပိုမိုခံနိုင်ရည်ရှိလာကြောင်း သုံးသပ်ထားသည်။

သို့သော် ၂၀၂၅ ခုနှစ်တွင် ကုန်သွယ်မှုလိုငွေသည် GDP ၏ ၃၅ ရာခိုင်နှုန်းအထိ ကျယ်ပြန့်လာခဲ့ပြီး ပြည်တွင်းထုတ်လုပ်မှုမှာ ကန့်သတ်ချက်များ ရှိနေဆဲဖြစ်ကာ အိမ်ထောင်စုများ၏ စားသုံးမှုသည် ပြည်ပမှ ရရှိသည့် ဝင်ငွေအပေါ် အလွန်အမင်း မှီခိုနေရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ရုရှားနိုင်ငံ၏ စီးပွားရေးနှေးကွေးမှု သို့မဟုတ် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ စည်းမျဉ်းများ ပိုမိုတင်းကျပ်လာခြင်းတို့က ပြည်တွင်းဝယ်လိုအားနှင့် နိုင်ငံ၏ ငွေပေးချေမှုမျှခြေကို တစ်ပြိုင်နက်တည်း အားနည်းစေနိုင်ကြောင်း သုံးသပ်ထားသည်။

Rogun ရေအားလျှပ်စစ်စီမံကိန်း၏ အရေးပါမှု

Rogun စီမံကိန်း ကြန့်ကြာနေမှုများသည် စီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်ရန် စီးပွားရေးအရ အကြောင်းပြချက်များကို ဖျက်သိမ်းသွားခြင်းမရှိကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၁၄,၄၀၀ ဂစ်ဂါဝပ်နာရီ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တာဂျစ်ကစ္စတန်၏ လက်ရှိလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှမည်ဖြစ်သည်။

ကုန်ကျစရိတ်နည်းသည့် ယင်းလျှပ်စစ်ဓာတ်အား၏ အတော်အတန်များပြားသည့် အစိတ်အပိုင်းကို ပြည်တွင်းလိုအပ်ချက်အတွက် အသုံးပြုရန် ရည်ရွယ်ထားပြီး ဆောင်းရာသီတွင် နှစ်စဉ်ဖြစ်ပေါ်နေသည့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ ကျန်ရှိသည့် လျှပ်စစ်ဓာတ်အားကို ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန်အပါအဝင် နိုင်ငံများသို့ တင်ပို့နိုင်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းကြောင့် တိုက်ရိုက်နှင့် သွယ်ဝိုက်အလုပ်အကိုင် ၃၀,၀၀၀ ကျော် ဖန်တီးနိုင်မည်ဟုလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

နောက်ဆုံး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထပ်မံထောက်ပံ့မှုကြောင့် Rogun စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၏ စုစုပေါင်းဘဏ္ဍာငွေထောက်ပံ့မှုသည် အမေရိကန်ဒေါ်လာ သန်း ၆၅၀ အထိ ရှိလာကြောင်း သိရသည်။

အခြားနိုင်ငံစုံနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်များလည်း ပါဝင်နေပြီး တာဂျစ်ကစ္စတန်အစိုးရက အနာဂတ်ဝင်ငွေ၏ တစ်စိတ်တစ်ပိုင်းကို လူမှုရေးအစီအစဉ်များအတွက် အသုံးပြုရန် ကတိပြုထားသည်။ ထောက်ပံ့ငွေနှင့် အလျှော့ပေါ့သတ်မှတ်ချက်များဖြင့် ရရှိသည့် ဘဏ္ဍာငွေများကြောင့် ဘတ်ဂျက်အပေါ် ဖိအားကို လျော့ကျစေနိုင်ကြောင်း သုံးသပ်ထားသည်။

သို့သော် နိုင်ငံတကာ၏ ပံ့ပိုးမှုသည် အကန့်အသတ်မရှိသည့် ငွေကြေးထောက်ပံ့မှုတစ်ရပ် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။ Rogun စီမံကိန်း၏ အရွယ်အစားသည် တာဂျစ်ကစ္စတန်တစ်နိုင်ငံတည်းက ဘဏ္ဍာငွေထောက်ပံ့နိုင်သည်ထက် ကျော်လွန်နေပြီး စီမံကိန်းက ဘတ်ဂျက်ကို အလွန်အမင်း စုပ်ယူသွားခြင်းမရှိစေရန် မိတ်ဖက်များ၏ ပံ့ပိုးမှုလိုအပ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားထားသည်။

စီမံကိန်းမှ မျှော်မှန်းထားသည့် ပို့ကုန်ဝင်ငွေများသည် စီမံကိန်းပြီးစီးမှု၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကွန်ရက်များ၊ ဒေသတွင်း ဝယ်ယူရေးသဘောတူညီချက်များနှင့် ပွင့်လင်းမြင်သာစွာ လည်ပတ်နိုင်မှုတို့အပေါ် မူတည်နေသည်။ ယင်းအချက်များ မပြည့်စုံသေးသရွေ့ မျှော်မှန်းထားသည့် ဝင်ငွေများကို ကြွေးမြီပြန်လည်ပေးဆပ်ရန်အတွက် လက်ရှိရရှိပြီးသား ငွေသားကဲ့သို့ သတ်မှတ်၍ မရသေးကြောင်း သုံးသပ်ထားသည်။

ကြွေးမြီနှင့် နိုင်ငံပိုင်ကုမ္ပဏီများ၏ ဘဏ္ဍာရေးအန္တရာယ်

တာဂျစ်ကစ္စတန်သည် အစိုးရကြွေးမြီအချိုးအစား အလွန်မြင့်မားသည့် နိုင်ငံတစ်နိုင်ငံမဟုတ်ကြောင်း ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်တစ်လျှောက်နှင့် ၂၀၂၆ ခုနှစ်အထိ ပြည်သူ့ကြွေးမြီသည် ဆက်လက်ကျဆင်းခဲ့ပြီး နိုင်ငံခြားငွေကြေးအရန်ငွေများကလည်း သိသာသည့် အကာအကွယ်တစ်ရပ်အဖြစ် ဆက်လက်ရှိနေသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း ကြွေးမြီအခြေအနေမှာ ရေရှည်တည်တံ့နိုင်သည်ဟု အကဲဖြတ်ထားသည်။

ကြွေးမြီအခက်အခဲ ဖြစ်နိုင်ခြေမြင့်မားသည်ဟု သတ်မှတ်ထားရခြင်းမှာ ၂၀၂၅-၂၀၂၇ ခုနှစ်များအတွင်း ပို့ကုန်ဝင်ငွေများနှင့် နှိုင်းယှဉ်ပါက နိုင်ငံ၏ ပြည်ပကြွေးမြီပြန်လည်ပေးဆပ်ရမည့် ပမာဏများပြားခြင်းကြောင့် အဓိကဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ချက်ချင်းရင်ဆိုင်နေရသည့် အားနည်းချက်မှာ စုစုပေါင်းကြွေးမြီပမာဏတစ်ခုတည်းမဟုတ်ဘဲ ကြွေးမြီပြန်လည်ပေးဆပ်ရမည့် အချိန်ဇယားနှင့် ကျဉ်းမြောင်းသည့် ပို့ကုန်အခြေခံတို့ ဖြစ်ကြောင်း သုံးသပ်ထားသည်။

အစိုးရကြွေးမြီအချိုးအစား၏ အဓိကကိန်းဂဏန်းတစ်ခုတည်းဖြင့် အစိုးရကဏ္ဍ၏ ဘဏ္ဍာရေးတာဝန်ခံမှု အစိတ်အပိုင်းအချို့ကို မဖော်ပြနိုင်ကြောင်းလည်း ဖော်ပြထားသည်။ နိုင်ငံပိုင်ကုမ္ပဏီများ၏ အာမခံမထားသည့် ကြွေးမြီများနှင့်ပတ်သက်သည့် အချက်အလက် မပြည့်စုံသောကြောင့် IMF ၏ အခြေခံခန့်မှန်းချက်တွင် ယင်းကြွေးမြီများကို ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။

သီးခြားစိတ်ဖိစီးမှုစမ်းသပ်ချက်တစ်ရပ်တွင်မူ GDP ၏ ၁၁.၇ ရာခိုင်နှုန်းနှင့် ညီမျှသည့် ဖြစ်နိုင်ခြေရှိသော ဘဏ္ဍာရေးတာဝန်များကို ထည့်သွင်းထားပြီး ယင်းတို့တွင် Barqi Tojik ၏ GDP ၏ ၈.၂ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည့် ပေးရန်ကျန်ကြွေးမြီများနှင့် TALCO ၏ ပြည်ပကြွေးမြီ GDP ၏ ၂ ရာခိုင်နှုန်းတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

TALCO သည်လည်း လက်ရှိတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်အထိ ရှိလာသည့် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် ဆက်လက်ကြိုးပမ်းမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုအသစ်များ အများအပြားရရှိရန် ကြိုးပမ်းနေသော်လည်း ဖြေရှင်းမထားရသေးသည့် ကြွေးမြီတာဝန်များသည် ဘဏ္ဍာငွေအသစ်များ ရရှိရန် ကြိုးပမ်းမှုများကို ရှုပ်ထွေးစေကြောင်း ဖော်ပြထားသည်။

TALCO နှင့်ပတ်သက်သည့် ခုံသမာဓိအမှုများသည် ဘဏ္ဍာငွေထောက်ပံ့မည့်သူများအတွက် စည်းမျဉ်းစည်းကမ်းလိုက်နာမှုဆိုင်ရာ အန္တရာယ်များနှင့် လုံ့လဝီရိယဖြင့် စစ်ဆေးမှုလိုအပ်ချက်များကို မြင့်တက်စေကြောင်း သုံးသပ်ထားသည်။ အဆိုပါအငြင်းပွားမှုသည် နယ်စပ်ဖြတ်ကျော် အကောင်အထည်ဖော်ရေး တရားစွဲဆိုမှုများအထိ ရောက်ရှိလာပြီး ကြွေးရှင်များက နိုင်ငံအများအပြားရှိ ပိုင်ဆိုင်မှုများနှင့် ငွေကြေးလွှဲပြောင်းမှုများနှင့်ပတ်သက်သည့် အချက်အလက်များကို တောင်းခံနေကြောင်း ဖော်ပြထားသည်။

TALCO ၏ ဘဏ္ဍာရေးပြဿနာများသည် အခြားနိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် Barqi Tojik အပေါ် တိုက်ရိုက်သက်ရောက်မှုရှိသောကြောင့်လည်း အထူးအာရုံစိုက်ရန် လိုအပ်ကြောင်း သုံးသပ်ထားသည်။

IMF ၏ အဆိုအရ အလူမီနီယံထုတ်လုပ်သည့် ကုမ္ပဏီ၏ ပေးရန်ကျန်ကြွေးမြီအများစုမှာ Barqi Tojik ထံ ပေးရန်ရှိကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် TALCO ၏ ငွေပေးချေမှုစည်းကမ်း အားနည်းမှုသည် လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ၏ ဆုံးရှုံးမှုများကို ပိုမိုတိုးမြင့်စေနိုင်ပြီး ကုမ္ပဏီနှစ်ခုအနက် တစ်ခုခု၏ ကြွေးမြီများကို အာမခံပေးခြင်း၊ အရင်းအနှီးပြန်လည်ဖြည့်တင်းပေးခြင်း သို့မဟုတ် အစိုးရက တာဝန်ယူခြင်းတို့ ဖြစ်ပေါ်လာပါက ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးသည် ဘတ်ဂျက်အပေါ် ရွှေ့ပြောင်းရောက်ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။

အလျှော့ပေါ့ဘဏ္ဍာငွေများနှင့် ပြုပြင်ပြောင်းလဲရေး

ဩဂုတ်လတွင် Eurasian Fund for Stabilization and Development က နှစ် ၂၀ သက်တမ်း၊ ၁၀ နှစ် အရင်းပြန်ဆပ်ရန် ကင်းလွတ်ခွင့်ကာလနှင့် အတိုးနှုန်း ၁ ရာခိုင်နှုန်း သတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဘတ်ဂျက်ထောက်ပံ့ရေးချေးငွေ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယင်းစည်းကမ်းချက်များသည် အလွန်အမင်း အလျှော့ပေါ့ပေးထားသည့် ချေးငွေစည်းကမ်းချက်များဖြစ်ပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ထောက်ပံ့ရန် တရားဝင်ဘဏ္ဍာငွေများ ဆက်လက်ရရှိနိုင်ကြောင်း ပြသနေသည်။ Eurobond များ ပြန်လည်ပေးဆပ်ရမှုကြောင့် ဘတ်ဂျက်အပေါ် ဖိအားများ ဖြစ်ပေါ်နေခြင်းကြောင့် ယင်းချေးငွေ လိုအပ်ရခြင်းဖြစ်ကြောင်း အဆိုပါရန်ပုံငွေအဖွဲ့က ပြောကြားခဲ့သည်။

တာဂျစ်ကစ္စတန်၏ မူဝါဒဆိုင်ရာ ရွေးချယ်စရာများမှာ Rogun စီမံကိန်းကို စွန့်လွှတ်ခြင်းနှင့် ထိန်းချုပ်မှုမရှိဘဲ ချေးငွေယူခြင်းတို့ကြားတွင်သာ ရွေးချယ်ရမည်ဟု မဆိုလိုကြောင်း သုံးသပ်ထားသည်။

နိုင်ငံအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းအတွက် ထောက်ပံ့ငွေများနှင့် ရေရှည်သက်တမ်းရှိ အလျှော့ပေါ့ဘဏ္ဍာငွေများကို အသုံးပြုနိုင်ပြီး အလျှော့ပေါ့မထားသည့် ကြွေးမြီများကို ကန့်သတ်ခြင်း၊ အဓိကနိုင်ငံပိုင်ကုမ္ပဏီများ၏ စာရင်းစစ်ပြီးသား ဘဏ္ဍာရေးရှင်းတမ်းများကို ထုတ်ပြန်ခြင်းနှင့် အစိုးရအာမခံချက်များ၊ ပေးရန်ကျန်ကြွေးမြီများကို ဖော်ပြခြင်းတို့ ပြုလုပ်နိုင်ကြောင်း ဖော်ပြထားသည်။

Rogun စီမံကိန်း၏ ကုန်ကျစရိတ်၊ ဝယ်ယူရေးလုပ်ငန်းများ၊ လုံခြုံရေး၊ ပြန်လည်နေရာချထားရေးနှင့် လျှပ်စစ်ဓာတ်အား ရောင်းချရေးသဘောတူညီချက်များနှင့်ပတ်သက်သည့် လွတ်လပ်သော အစီရင်ခံတင်ပြမှုများရှိပါက ကြွေးရှင်များနှင့် ပြည်သူများအနေဖြင့် အနာဂတ်ဝင်ငွေများနှင့်ပတ်သက်သည့် ခန့်မှန်းချက်များ၏ ယုံကြည်စိတ်ချရမှုကို အကဲဖြတ်နိုင်မည်ဖြစ်ကြောင်း သုံးသပ်ထားသည်။

ထို့အပြင် အစိုးရအနေဖြင့် နိုင်ငံပိုင်ကဏ္ဍပြင်ပတွင် ပြည်တွင်းအလုပ်အကိုင်များနှင့် ပို့ကုန်များ ဖန်တီးပေးနိုင်သည့် စီးပွားရေးတိုးတက်မှု လိုအပ်ပြီး ယင်းအတွက် ပြိုင်ဆိုင်မှု ပိုမိုခိုင်မာစေရန်၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုယုံကြည်စိတ်ချရသည့် စည်းမျဉ်းများရှိစေရန်နှင့် ပြည်ပမှရရှိသည့် ငွေလွှဲပို့မှုများ၏ တစ်စိတ်တစ်ပိုင်းကို စားသုံးမှုနှင့် သွင်းကုန်များအစား ထုတ်လုပ်မှုလုပ်ငန်းများသို့ ရောက်ရှိစေနိုင်သည့် ဘဏ္ဍာရေးစနစ်တစ်ရပ် လိုအပ်ကြောင်း ဖော်ပြထားသည်။

အချက်အလက်များအရ တာဂျစ်ကစ္စတန်၏ စီးပွားရေးတိုးတက်မှုသည် အမှန်တကယ်ရှိနေပြီး အစိုးရ၏ ဘဏ္ဍာရေးပြိုလဲမှုမှာ လက်တလော ဖြစ်ပေါ်လာမည့် အခြေအနေမဟုတ်ကြောင်း သုံးသပ်ထားသည်။

ဆင်းရဲနွမ်းပါးမှု လျော့ကျလာခြင်း၊ နိုင်ငံခြားငွေကြေးအရန်ငွေ များပြားခြင်းနှင့် အလျှော့ပေါ့ဘဏ္ဍာငွေများ ရရှိနိုင်ခြင်းတို့က နိုင်ငံအတွက် အချိန်ရရှိစေခဲ့သော်လည်း စီးပွားရေးအခြေခံကို ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်ခြင်းနှင့် TALCO နှင့် အခြားနိုင်ငံပိုင်ကုမ္ပဏီများ၏ ကြွေးမြီများကို ပွင့်လင်းမြင်သာစွာ ဖော်ပြခြင်းတို့သည် အရေးကြီးသည့် အချက်များအဖြစ် ရှိနေကြောင်း ဖော်ပြထားသည်။

Rogun စီမံကိန်းသည် ယင်းအကူးအပြောင်းကို အထောက်အကူပြုနိုင်သော်လည်း ၎င်း၏ ဘဏ္ဍာငွေထောက်ပံ့မှုသည် စီမံကိန်းက လက်တွေ့ကျကျ ရရှိနိုင်မည့် ဝင်ငွေပမာဏအတွင်းတွင် ရှိနေမှသာ အကျိုးရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်ထားသည်။

Telegram – t.me/positiveanglenews

#PAN