မြိုင်မြို့နယ်အတွင်းရှိ တရားမဝင် ရေနံတွင်း ၁၃၁အား ဖော်ထုတ်ဖမ်းဆီး

(ပြည်တွင်း) စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် လက်ပံတို-ကျောက်ခွက် ရေနံမြေနယ်မြေ တဲကြီးကျေးရွာအနီး ဝန်းကျင်၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ တရားမဝင် တူးဖော်ချက်လုပ်နေသည့် ရေနံတွင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖော်ထုတ် ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီးအတွင်း နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြိုင်မြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများက တရားမဝင် ရေနံတွင်း တူးဖော်ချက်လုပ်ခြင်းနှင့် ဒေသခံများထံမှ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်နေကြောင်း တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ သွားရောက်ရှင်းလင်းရာ ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ စစ်ကြောင်းများဖြင့် အဆင့်ဆင့် ရှာဖွေစစ်ဆေးခဲ့ရာ တရားမဝင် တူးဖော်လုပ်ကိုင်နေသည့် ရေနံတွင်း စုစုပေါင်း ၁၃၁ နေရာ၊ ရေနံချက်လုပ်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းများနှင့် အကြမ်းဖက်သမားများ ခိုအောင်းခဲ့သည့် ယာယီတဲ ၂၄၆ လုံးတို့အား ဖော်ထုတ်တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် တရားမဝင် ရေနံတွင်းနေရာများနှင့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းဒေသတစ်ဝိုက်တွင် တရားမဝင် ရေနံတူးဖော်မှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။