ထားဝယ်မြို့၌ PDF အမည်ခံ အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် အထက်တန်းကျောင်းသား ၆ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ခဲ့

(မှုခင်း) စက်တင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အခြေခံပညာ အထက်တန်းကျောင်းသား ၆ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေလုံခြုံရေးနှင့် ရှာဖွေရေး ဆောင်ရွက်ချက်များကြောင့် မိသားစုဝင်များထံ ပြန်လည်အပ်နှံနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထားဝယ်မြို့၊ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းမှ Grade-7 ကျောင်းသား ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် သင်္ကန်းတုန်းကျေးရွာရှိ ရေတံခွန်သို့ သွားရောက်စဉ် သင်္ကန်းတုန်းကျေးရွာ လမ်းဆုံ၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်တစ်စီးဖြင့် အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်‌ေကြာင်းာသိရသည်။

အဆိုပါ ကျောင်းသားများအား ပြန်လည်ကယ်တင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ကျောင်းသား ၂ ဦးအား ပကာရီကျေးရွာအဝင်လမ်း၌ ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

ဆက်လက်၍ ကျန်ရှိသည့် ကျောင်းသား ၄ ဦးအား ပြန်လည်ကယ်တင်နိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် သဗျာကျေးရွာအနီး ပြန်လည်ရှာဖွေတွေ့ရှိခဲ့သဖြင့် မိသားစုဝင်များထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။အလားတူ စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းကလည်း ထားဝယ်မြို့၊ မောင်းမကန်ကမ်းခြေရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် နေ့လယ်စာ စားနေသည့် အထက်တန်းကျောင်းသား ကျောင်းသူများနှင့် အရပ်သားများအနက် Grade-12 မှ ကျောင်းသား ၁ ဦးနှင့် အရပ်သား ၁ ဦးတို့အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်က အကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်ဘဲ အေးချမ်းစွာ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား အဓမ္မဖမ်းဆီးချုပ်နှောင်သည့် အကြမ်းဖက်သမားများ၏ လူမဆန်သော လုပ်ရပ်များအပေါ် ပြည်သူလူထုက လွန်စွာရွံရှာမုန်းတီးလျက်ရှိပြီး ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေးနှင့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ရှာဖွေရေးလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။