ကျောက်တန်းမြို့နယ်နဲ့ မိုးညှင်းမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၂၅

ကျောက်တန်းမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ စိတ်ကြွဆေးပြားများ၊ ဘိန်းစိမ်းနှင့် ဘိန်းဖြူများအား တရားခံများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၁ ရက် ညနေ ၆ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ စက်မှုလမ်း၌ မရီရီဝင်း (၆၄) နှစ်၊ သန်းနိုင် (၆၃) နှစ်နှင့် စိုးနိုင် (၅၀) နှစ်တို့ ၃ ဦးအား စစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြား ၁၅၀,၀၀၀ (ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂,၂၅၀) အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီး၌ အောင်မင်းခိုင် (၃၄) နှစ် မောင်းနှင်ပြီး ကျော်သိန်းလှိုင် (၁၉) နှစ် လိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်အား စစ်ဆေးရာ ဘိန်းစိမ်း ၃၀ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၃၆၀)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မိုးလှိုင် (၄၉) နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ထပ်မံစစ်ဆေးရာ ဘိန်းဖြူ ၁ ဒသမ ၄၈၅ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် ၃၂၆ ဒသမ ၇ သိန်း) နှင့် မြန်မာငွေကျပ် ၅ သိန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိခဲ့သည့် မရီရီဝင်း၊ သန်းနိုင်၊ စိုးနိုင်၊ အောင်မင်းခိုင်၊ ကျော်သိန်းလှိုင်နှင့် မိုးလှိုင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အသီးသီး အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။