
(ပြည်တွင်း) စက်တင်ဘာ ၂၅
ချင်းပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးနှင့် သတင်းအချက်အလက် စီးဆင်းမှု မပြတ်တောက်စေရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က တီးတိန်ခရိုင်၊ တွန်းဇံမြို့တွင် ဆက်သွယ်ရေး ကွန်ရက်လိုင်းများ ပြန်လည်ပြင်ဆင် တပ်ဆင်ပေးခဲ့ရာ စက်တင်ဘာလ ၂၃ ရက်မှစ၍ MPT ဖုန်းလိုင်းများ ပြန်လည်အသုံးပြု ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ပြည်နယ်အတွင်း ဆက်သွယ်ရေး ကွန်ရက်များ ပြန်လည်ရရှိရေး အလေးထား ဆောင်ရွက်လျက်ရှိရာ တွန်းဇံမြို့၌ MPT ဖုန်းလိုင်းများ ပြန်လည်ရရှိစေရန် ဝန်ထမ်းများက စက်ပစ္စည်းများ တပ်ဆင် တည်ဆောက်ခြင်းကို အပတ်တကုတ် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ဆက်သွယ်ရေး စက်ပစ္စည်းများကို ရန်ကုန်မြို့မှတစ်ဆင့် ဖလမ်းမြို့နှင့် တွန်းဇံမြို့သို့ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့် သယ်ယူပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် တွန်းဇံမြို့၌ စက်တပ်ဆင်ခြင်း လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်သဖြင့် MPT ဆက်သွယ်ရေး ကွန်ရက်လိုင်းများ ပြန်လည်ရရှိသွားပြီဖြစ်ရာ ဒေသခံ တွန်းဇံမြို့သူ/မြို့သားများ အဆင်ပြေစွာ ပြောဆိုဆက်သွယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။