(လွှတ်တော်) စက်တင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ရပ်ကွက်ရှိ ဆင်ဖြူပြင်ဆိပ်ခံဗောတံတားကို သံကူကွန်ကရစ်တံတားအဖြစ် ပြောင်းလဲတည်ဆောက်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးအခြေအနေ ကောင်းမွန်လာချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုများ ဆောင်ရွက်ကာ လေ့လာဆန်းစစ်မှုအစီရင်ခံစာအရ တစ်ဆင့်ချင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားသည်။

ဆင်ဖြူပြင်ဆိပ်ခံဗောတံတားကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ၁၉၆၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၂၀ ပေ x ၂၀ ပေ အရွယ် သံမဏိဆိပ်ခံဗော ၂ လုံး၊ ၃၀ ပေ x ၂၀ ပေ အရွယ် တံတားခံဗော ၁ လုံး၊ ပေ ၈၀ အရွယ် သံမဏိပေါင်းကူးတံတား ၁ လက်နှင့် ၁၂ ပေ x ၄၀ ပေ အရွယ် သံကူကွန်ကရစ်ချဉ်းကပ်တံတား ၁ စင်းတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြောင်း ဒုတိယဝန်ကြီးက ရှင်းပြသည်။
ယခင်က ထားဝယ်မှ မြိတ်၊ ရန်ကုန် စသည့်ဒေသများသို့ ဆက်သွယ်သည့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး အခြေအနေ မကောင်းမွန်သေးသဖြင့် ရေလမ်းကို အဓိကအသုံးပြုခဲ့ကြောင်း၊ ထားဝယ်မြစ်ရေလမ်းကြောင်းမှာ ရေစူးကောင်းမွန်သဖြင့် ဆင်ဖြူပြင်ဆိပ်ခံဗောတံတားတွင် ရေစူး ၅ မီတာရှိသည့် ကမ်းရိုးတန်းရေယာဉ်များ ဆိုက်ကပ်အသုံးပြုနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
သို့သော် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ထားဝယ်မြစ်ရေလမ်းကြောင်းတွင် နုန်းအနည်ကျမှုများပြားလာပြီး တဖြည်းဖြည်း တိမ်ကောလာသည့်အတွက် ဆင်ဖြူပြင်တံတားသို့ ဝင်ရောက်ရာတွင် ရေစူး ၂ ဒသမ ၅ မီတာရှိသည့် ရေယာဉ်များသာ ဆိုက်ကပ်နိုင်တော့ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
မိမိကိုယ်တိုင်လည်း ရေစူး ၂ မီတာကျော်ရှိသည့် ရေယာဉ်ဖြင့် ဆင်ဖြူပြင်တံတားတွင် သွားရောက်ဆိုက်ကပ်ခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။
၂၀၁၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဆင်ဖြူပြင်ဆိပ်ခံဗောတံတားတွင် မြိတ်-ထားဝယ် ပြေးဆွဲသည့် ခရီးသည်တင်ရှပ်ပြေးအမြန်ရေယာဉ်များသာ ဆိုက်ကပ်ခဲ့ပြီး တစ်လလျှင် ရေယာဉ်အစီးရေ ၄၀ ခန့် ဝင်ထွက်အသုံးပြုခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်နောက်ပိုင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေး တိုးတက်လာသည့်အတွက် အမြန်ရှပ်ပြေးရေယာဉ်များ ပြေးဆွဲဆိုက်ကပ်မှု မရှိတော့သည့်အပြင် ကုန်စည်တင်ရေယာဉ်များလည်း ဆင်ဖြူပြင်တံတားတွင် ဆိုက်ကပ်မှု ရပ်နားခဲ့ပြီး ထားဝယ်ဆိပ်ကမ်းသို့သာ တိုက်ရိုက်သွားရောက်ဆိုက်ကပ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် ဆင်ဖြူပြင်ဆိပ်ခံဗောတံတားတွင် ရေယာဉ်ဆိုက်ကပ်အသုံးပြုမှု မရှိသည့်အခြေအနေတွင် နိုင်ငံတော်က ကျခံရသည့် ပြုပြင်ထိန်းသိမ်းစရိတ်များ လျော့နည်းစေရန်နှင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေတိုးတက်ရရှိစေရန် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းမှု (Public-Private Partnership-PPP) စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်တွင် တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။
တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို၍ ဆိပ်ခံဗောတံတားကို ငှားရမ်းခဲ့သော်လည်း ကိုဗစ်ကာလမှစတင်၍ ၂၀၂၁ ခုနှစ်နောက်ပိုင်း နယ်မြေလုံခြုံရေးအခြေအနေအရ မည်သည့်ရေယာဉ်မျှ ဆင်ဖြူပြင်တံတားတွင် သွားရောက်ဆိုက်ကပ်ခြင်း မရှိတော့ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။
ရေယာဉ်ဆိုက်ကပ်အသုံးပြုမှု နည်းပါးခြင်းနှင့် နယ်မြေလုံခြုံရေးအခြေအနေများကြောင့် ၁၂၀ ပေ x ၂၀ ပေ အရွယ် ဆိပ်ခံဗော ၂ လုံးကို နေရာရွှေ့ပြောင်းကာ ကမ်းထိုးထိန်းသိမ်းခဲ့ရပြီး ၃၀ ပေ x ၂၀ ပေ တံတားခံဗောနှင့် ပေ ၈၀ အရှည်ရှိ ပေါင်းကူးတံတားများ တိမ်းစောင်းပြုတ်ကျမှု မရှိစေရန် ကျောက်ကြိုးများဖြင့် ခိုင်မာစွာ ချည်နှောင်ထားခဲ့ရကြောင်း သိရသည်။
သို့သော် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် တံတားခံဗောအတွင်း ရေဝင်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပြီး ပေါင်းကူးတံတားတွင်လည်း တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
ထို့ကြောင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီအနေဖြင့် စာချုပ်ပါစည်းကမ်းချက်များအတိုင်း ရေဝင်သည့် တံတားခံဗောနှင့် တိမ်းစောင်းနစ်မြုပ်သည့် တံတားများကို ကုမ္ပဏီအစီအစဉ်နှင့် ကုမ္ပဏီဝန်ထမ်းများဖြင့် ပြန်လည်ပြင်ဆင်ကာ မူလအတိုင်းဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ပြင်ဆင်ရေးနှင့် ဆယ်ယူရေးလုပ်ငန်းများကို ဇွန် ၁၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ငန်းအားလုံး ပြီးစီးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
လုပ်ငန်းများ ပြီးစီးပါက ဒေသခံများအသုံးပြုသည့် လူတင်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ ပြန်လည်ဆိုက်ကပ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆင်ဖြူပြင်ဆိပ်ခံဗောတံတားအား သံကူကွန်ကရစ်တံတားအဖြစ် ပြောင်းလဲတည်ဆောက်ရေးနှင့်ပတ်သက်၍မူ နယ်မြေလုံခြုံရေးအခြေအနေ ကောင်းမွန်လာသည့်အချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုများ ဆောင်ရွက်မည်ဖြစ်ပြီး လေ့လာဆန်းစစ်မှုအစီရင်ခံစာအပေါ် မူတည်၍ တစ်ဆင့်ချင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သရက်ချောင်းမဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ရပ်ကွက်ရှိ ဆင်ဖြူပြင်ဆိပ်ခံဗောတံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန် – www.positiveanglenews.com
Telegram – t.me/positiveanglenews #PAN