ကန်ကြီးထောင့်တွင် ကျပ် ၁၈၈ ဒသမ ၄ သန်းတန်ဖိုးရှိ တရားမဝင်စက်သုံးဆီများ ဖမ်းဆီးရမိပြီး လူ ၇ ဦးကို စစ်ဆေးနေ

(မှုခင်း) စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာအုပ်စုအတွင်း တရားမဝင်စက်သုံးဆီများ ရောင်းဝယ်သိုလှောင်နေကြောင်း သတင်းရရှိသဖြင့် စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရှာဖွေဖမ်းဆီးခဲ့ရာ ဓာတ်ဆီ(92) နှင့် ဒီဇယ်များ စုစုပေါင်းကာလတန်ဖိုး ကျပ် ၁၈၈ ဒသမ ၄ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် စရတ(နတခ)မှ မှူး/ဗက မျိုးညွန့်ရွှေ ဦးစီးသည့် အဖွဲ့က ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်အုပ်စု/ကျေးရွာအတွင်း တရားမဝင်စက်သုံးဆီ ရောင်းဝယ်နေကြောင်း သတင်းအရ ရှာဖွေခဲ့ခြင်းဖြစ်သည်။

ရှာဖွေမှုအတွင်း ဦးမြင့်ယုံ(ခ) ဦးအန့်ဂူ၏ ဆိုင်ဂိုဒေါင်မှ ဓာတ်ဆီ(92) ၃၂ ပေပါ၊ ၁,၆၀၀ ဂါလံနှင့် ဒီဇယ် ၆၀ ပေပါ၊ ၃,၀၀၀ ဂါလံတို့ကို ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး ကျပ် ၈၅ ဒသမ ၁၆ သန်းရှိကြောင်း သိရသည်။ထို့ပြင် ဦးမြင့်အောင်(ခ) ဦးနံပါတ်၏ နေအိမ်မှ ဒီဇယ် ၁၈ ပေပါ၊ ၉၀၀ ဂါလံ၊ ကာလတန်ဖိုး ကျပ် ၁၇ ဒသမ ၁ သန်းခန့်၊ ဦးဆန်းဌေး၏ နေအိမ်မှ ဓာတ်ဆီ(92) ၉ ပေပါ၊ ၄၅၀ ဂါလံနှင့် ဒီဇယ် ၈ ပေပါ၊ ၄၀၀ ဂါလံ၊ စုစုပေါင်းကာလတန်ဖိုး ကျပ် ၁၅ ဒသမ ၅၂ သန်း၊ ဦးသီဟ၏ နေအိမ်ဈေးဆိုင်မှ ဓာတ်ဆီ(92) ၉ ပေပါ၊ ၄၅၀ ဂါလံနှင့် ဒီဇယ် ၃ ပေပါ၊ ၁၅၀ ဂါလံ၊ စုစုပေါင်းကာလတန်ဖိုး ကျပ် ၁၀ ဒသမ ၇၇ သန်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဦးကျော်နိုင်ဦး၏ ဂိုဒေါင်တွင်လည်း ပလတ်စတစ်တန့် ၂ လုံး၊ ဆီသံတန့် ၁ လုံးနှင့် ဘွိုင်လာ ၁ လုံးတို့အတွင်းရှိ ဒီဇယ်များအပါအဝင် ဒီဇယ် ၅၅ ပေပါခန့်၊ ၂,၇၅၀ ဂါလံ၊ ကာလတန်ဖိုး ကျပ် ၅၂ ဒသမ ၂၅ သန်းခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ၅ ဦးအား ကနဦးစစ်ဆေးမေးမြန်းရာ စက်သုံးဆီများကို ပုသိမ်မြို့မှ ဦးသိန်းအောင်နှင့် ဟာဆန်(ခ) ကျော်ကျော်ဦးတို့ထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် မွန်းလွဲ ၂ နာရီတွင် ဦးသိန်းအောင်၏ နေအိမ်နှင့် ဂိုဒေါင်သို့ ထပ်မံရှာဖွေခဲ့ကြောင်း သိရသည်။

ရှာဖွေမှုအတွင်း ဦးသိန်းအောင်အား ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်ဘေးရှိ ဂိုဒေါင်အတွင်း AYY-29U၊ 5276 အမှတ်ပါ လိမ္မော်ရောင်သုံးဘီးဆိုင်ကယ်ပေါ်မှ ဒီဇယ် ၈ ပေပါ၊ ၄၀၀ ဂါလံ၊ ကာလတန်ဖိုး ကျပ် ၇ ဒသမ ၆ သန်းခန့်ကို သိမ်းဆည်းရမိခဲ့သည်။ထို့နောက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ဟာဆန်(ခ) ကျော်ကျော်ဦးအား ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဦးသိန်းအောင်နှင့် ဟာဆန်(ခ) ကျော်ကျော်ဦးတို့အား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် ၂၀၂၆ ခုနှစ် မတ်လခန့်မှစတင်၍ ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ ဓာတ်ဆီ(92) နှင့် ဒီဇယ်များကို လိုက်လံဝယ်ယူစုဆောင်းပြီး ပြန်လည်ဝယ်ယူလိုသူများထံ အမြတ်တင်၍ ရောင်းချခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဦးသိန်းအောင်နှင့် ဟာဆန်(ခ) ကျော်ကျော်ဦးတို့အပါအဝင် စုစုပေါင်း ၇ ဦးကို စရတ(နတခ)တွင် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေပြီး ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စုစုပေါင်း ဖမ်းဆီးရမိသည့် စက်သုံးဆီများမှာ ဓာတ်ဆီ(92) ၅၀ ပေပါ၊ ၂,၅၀၀ ဂါလံ၊ ကာလတန်ဖိုး ကျပ် ၄၄ သန်းနှင့် ဒီဇယ် ၁၅၂ ပေပါ၊ ၇,၆၀၀ ဂါလံ၊ ကာလတန်ဖိုး ကျပ် ၁၄၄ ဒသမ ၄ သန်းဖြစ်ပြီး စုစုပေါင်းကာလတန်ဖိုး ကျပ် ၁၈၈ ဒသမ ၄ သန်းရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN