မိုင်းရှူးအားကစားကွင်း ပွဲကြည့်စင်အတွက် ကျပ် ၁,၁၇၀ သန်း ရန်ပုံငွေလျာထားတောင်းခံမည်

(လွှတ်တော်) စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ် အားကစားကွင်းတွင် ကွန်ကရစ်နှစ်ထပ် ပွဲကြည့်စင်တည်ဆောက်နိုင်ရေးအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၁,၁၇၀ သန်းကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ကြောင်း အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ပွဲကြည့်စင်တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ရှင်းလင်းပြောကြားခဲ့သည်။

ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် လန်းဆန်းတက်ကြွသော စိတ်ဓာတ်ရရှိစေရန်အတွက် “Exercise is Medicine” (ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး) ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းသည် ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း၊ လေဖြတ်ခြင်း၊ အရိုးရောဂါများနှင့် စိတ်ကျရောဂါများကဲ့သို့ မကူးစက်နိုင်သော နာတာရှည်ရောဂါများကို သက်သာပျောက်ကင်းစေနိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ရောဂါဖြစ်ပွားပြီးမှ ကုသခြင်းထက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်သကဲ့သို့ ရောဂါများကိုလည်း သက်သာပျောက်ကင်းစေနိုင်သဖြင့် အားကစားသည် ကျန်းမာသော လူ့အဖွဲ့အစည်းတည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

နိုင်ငံတော်အကြီးအကဲ၏ ပြည်သူများ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မြင့်မားရေးအတွက် ဒေသအလိုက် အားကစားပြိုင်ပွဲများ ကျင်းပပေးရန်နှင့် အားကစားကွင်းများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရန် လမ်းညွှန်ချက်များအရ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် စံချိန်စံညွှန်းမီ အားကစားကွင်း၊ အားကစားရုံများနှင့် ဒေသတွင်း အားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေးနိုင်ရေးအတွက် ပွဲကြည့်စင်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် လူဦးရေ ၁၇၄,၆၄၀ ဦးရှိပြီး မြေဧရိယာ ၄.၆၅ ဧကရှိသည့် မိုင်းရှူးမြို့နယ် အားကစားကွင်းမှာ နှစ် ၃၀ မြေဂရန် ရရှိထားပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

အဆိုပါအားကစားကွင်းအတွင်း အလျား ၁၃၀ ပေ၊ အနံ ၃၀ ပေရှိသည့် ကွန်ကရစ်နှစ်ထပ် ပွဲကြည့်စင်တည်ဆောက်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၁,၁၇၀ သန်းကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမေးခွန်းကို မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းကံက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဦးစိုင်းကံက မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၏ မြို့နယ်အားကစားကွင်းသည် ဒေသအတွင်းရှိ လူငယ်မောင်မယ်များနှင့် မိဘပြည်သူများ၏ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍမြှင့်တင်ရေးအတွက် အဓိကအားထားရသည့် နေရာတစ်ခုဖြစ်ကြောင်း တင်ပြခဲ့သည်။

အဆိုပါအားကစားကွင်းတွင် မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲများ၊ ဌာနဆိုင်ရာအလိုက် အားကစားပွဲများနှင့် နိုင်ငံတော်အထိမ်းအမှတ် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော်လည်း လက်ရှိတွင် ပွဲကြည့်စင်အဆောက်အဦ မရှိသဖြင့် လာရောက်အားပေးကြသည့် မိဘပြည်သူများ၊ ဧည့်သည်တော်များနှင့် လူငယ်မောင်မယ်များမှာ နေပူမိုးရွာဒဏ်ခံရခြင်း၊ အားကစားပွဲများကို စနစ်တကျ ကြည့်ရှုရန်အခက်အခဲရှိခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် မိုင်းရှူးမြို့နယ်အတွင်းရှိ အားကစားသမားများ၊ မိဘပြည်သူများနှင့် အားကစားပွဲများ လာရောက်ကြည့်ရှုသူများ စိတ်အေးချမ်းသာစွာ အားပေးနိုင်ရေးနှင့် အားကစားပွဲစဉ်များကို ပိုမိုအဆင့်အတန်းရှိစွာ ကျင်းပနိုင်ရေးအတွက် လျာထားသည့် RC ကွန်ကရစ်နှစ်ထပ်၊ အလျား ၁၅၀ ပေ၊ အနံ ၃၀ ပေရှိ ပွဲကြည့်စင်တစ်ဆောင်ကို ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေခွဲဝေချထား၍ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို ဦးစိုင်းကံက မေးမြန်းခဲ့ခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN