သမင်ဖြူရောဂါ ဖြစ်နေလို့ဆိုကာ အဖိုးတစ်ဦးကို ရွာက မောင်းထုတ်

(ပြည်တွင်း) စက်တင်ဘာလ ၁၉

ခရုသင်း/သမင်ဖြူရောဂါ ဖြစ်နေလို့ဆိုကာ အသက် ၇၂ နှစ်အရွယ် အဖိုးတစ်ဦးကို ကျေးရွာသားတွေက ရွာကနေ မောင်းထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ထိုဖြစ်စဉ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စု၊ ဆောင်းဖို့ကျေးရွာမှာ စက်တင်ဘာလ ၁၉ ရက်နေ့ မနေ့က မနက်ပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အဖိုးအိုကို ရွာသားအချို့က ဝိုင်းဝန်း နှင်ထုတ်ခဲ့ကြတာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေသအာဏာပိုင်တွေက ဆောင်းဖို့ကျေးရွာအထိ သွားရောက်ကာ ဖြောင်းဖြရှင်းပြခဲ့ပေမယ့်လည်း လက်မခံဘဲ မောင်းထုတ်ဖို့ ဆန္ဒရှိနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆောင်းဖို့ကျေးရွာသားဖြစ်တဲ့ ဖခင်ဖြစ်သူမှာ ခြံအပြင်ဘက် မထွက်တာ နှစ်အတော်ကြာနေပြီဖြစ်ကြောင်း၊ ရောဂါဖြစ်တာလည်း နှစ်ပေါင်း ၃၀ ကျော်နေပြီဖြစ်ကြောင်း၊ အရေပြားအထူးကု ဆရာဝန်ကြီးတွေနဲ့လည်း ပြသထားပြီး ဒီရောဂါမှာ မကူးစက်တဲ့အကြောင်း ဆရာဝန်တွေက လက်မှတ်လည်း ထုတ်ထားကြောင်း၊ ဒါကို ရွာလူကြီးက လက်မခံကြောင်း၊ လက်ရှိမှာ ဖခင်ဖြစ်သူကို အိမ်ပြင်ပေးမထွက်ရဲဘဲ အိမ်မှာပဲ ထားရှိကြောင်း အဆိုပါ အဖိုးရဲ့ သားဖြစ်သူက ရှမ်းအခြေစိုက်သတင်းဌာနမှာ ဖြေဆိုထားတာကို တွေ့ရပါတယ်။

ထိုအဖိုးမှာ ယခင်ကလည်း ၂ ကြိမ် မောင်းထုတ်ခံရပြီးဖြစ်ကာ လက်ရှိမှာ အဖိုးရဲ့ နေအိမ်ကို ကျေးရွာသားတွေက သောက်သုံးရေနဲ့ လျှပ်စစ်မီးတွေလည်း ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

သမင်ဖြူက ကူးစက်ရောဂါမဟုတ်ကြောင်း သွားပြောပေးထားကြောင်း၊ ဒီလုပ်ရပ်မှာ ဥပဒေနဲ့ မညီကြောင်း၊ လူ့အခွင့်အရေးအရ ဒီလိုမောင်းထုတ်တာကို လုပ်လို့မရဘူး ဆိုတာကိုလည်း သွားရှင်းပြပြီးပြီဖြစ်ကြောင်း၊ PNO ကလည်း သွားရောက်ရှင်းပြထားပေမဲ့ ရွာသားတွေဘက်က ၎င်းတို့ရဲ့ ထုံးတမ်းဓလေ့အရ မရကြောင်းနဲ့ မောင်းထုတ်မှာပဲ ဆိုပြီး လုပ်တာဖြစ်ကြောင်း ကျောက်တလုံးကြီးမြို့က တာဝန်ရှိသူတစ်ဦးက အဆိုပါမီဒီယာမှာ ပြောဆိုထားပါတယ်။

Telegram – t.me/positiveanglenews

#PAN