ဒုတိယသမ္မတ ဦးညိုစော ဖျင်လုတူးမြောင်းနှင့် AI အလိုအလျောက်စနစ်သုံး ကွန်တိန်နာဆိပ်ကမ်းတို့အား ကြည့်ရှုလေ့လာ

(ပြည်တွင်း) စက်တင်ဘာ ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောသည် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိကာ ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မတိုင်မီ စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစောနှင့် အဖွဲ့သည် ချင်းကျိုးမြို့ရှိ ပင်လယ်မှ မြစ်သို့ တိုက်ရိုက်ဆက်သွယ်ထားသည့် ဖျင်လုတူးမြောင်း၏ မာတောက် (Madao) ဆုံမှတ်သို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက စီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရရှိသည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ချင်းကျိုးမြို့ရှိ AI နည်းပညာသုံး အလိုအလျောက် ကွန်တိန်နာဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများသို့ သွားရောက်ကာ သင်္ဘောများ ဝင်ရောက်ဆိုက်ကပ်မှုနှင့် ဒစ်ဂျစ်တယ် နည်းပညာအသုံးချ ကုန်တင်ကုန်ချ ပြုလုပ်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ထို့ပြင် စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းကလည်း ဒုတိယသမ္မတသည် လိယွမ် နိုင်ငံတကာ ကွန်ဖရင့်စင်တာ၌ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ ဝေထောင်အား လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မှုများ အရှိန်အဟုန်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။