



(ပြည်တွင်း) စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်တွင် လျှပ်စစ်မီးပျက်တောက်နေချိန် မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ် သတိလစ်မေ့မျောမှုဖြစ်စဉ် ယနေ့ (စက်တင်ဘာလ ၁၉ ရက်) ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ယနေ့ ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင် အခန်းအတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အသက်ရှူကြပ်၍ မေ့မျောနေသည့် လူနာအမျိုးသမီး ၅ ဦးအား အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ လူနာတင်ယာဉ် ၂ စီးဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ အမြန်ဆုံး ပို့ဆောင်ကူညီပေးခဲ့ကြသည်။
“ကျွန်တော်တို့ သတိလစ်မူးဝေနေတဲ့ အမျိုးသမီး ၅ ဦးကို ဆေးရုံပို့ပေးလိုက်ပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” ဟု အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယနေ့ စက်တင်ဘာလ ၁၉ ရက် ညနေ ၅ နာရီခွဲကျော်မှစတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် System Breakdown ဖြစ်ပေါ်၍ လျှပ်စစ်မီး ပျက်တောက်ခဲ့ပြီး ည ၈ နာရီကျော်တွင် မြို့နယ်အချို့၌ လျှပ်စစ်မီးများ ပြန်လည်ရရှိခဲ့ကြောင်း သိရှိရသည်။