
(မှုခင်း) စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် (၈)၊ သိန္နီလမ်း၊ အထက (၂)အနီးရှိ ဖုန်းဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၇ ရက် နေ့လယ် ၃ နာရီခန့်တွင် သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက ကားဖြင့် ဆိုင်အတွင်း ဝင်ရောက်လာခဲ့ပြီး ဆိုင်ဝန်ထမ်းက ပတ်ဝန်းကျင်သို့ အကူအညီတောင်းခံခဲ့သဖြင့် ၎င်းတို့သည် မည်သည့်ပစ္စည်းမျှ ယူဆောင်နိုင်ခြင်းမရှိဘဲ ကားဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်နှင့်နီးစပ်သူများဘက်က သေနတ်ကိုင်ဆောင်ထားသူများ ဝင်ရောက်လာပြီး ဓားပြတိုက်ရန် ကြိုးပမ်းခဲ့သည်ဟု ပြောဆိုထားသော်လည်း လားရှိုးမြို့မရဲစခန်း တာဝန်ရှိသူက ဓားပြတိုက်မှုမဟုတ်ဘဲ လူနှစ်ဦး ဝင်ရောက်၍ ရုတ်ရုတ်သဲသဲပြုလုပ်ပြီး ပြန်လည်ထွက်ခွာသွားခြင်းဖြစ်ကြောင်း၊ သေနတ်လည်း ပါဝင်ခြင်းမရှိကြောင်း ပြန်လည်ဖြေကြားထားကြောင်း သိရသည်။
ဖြစ်စဉ်အတွင်း လူထိခိုက်မှုနှင့် ပစ္စည်းဆုံးရှုံးမှု မရှိခဲ့ကြောင်းနှင့် အဆိုပါဖုန်းဆိုင်တွင် ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်ကလည်း ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၁,၀၀၀ ခန့်တန်ဖိုးရှိ ပစ္စည်းများ ဆုံးရှုံးခဲ့ဖူးကြောင်း သိရသည်။