ခမောက်ကြီးမြို့တွင် မိုးကြီး၍ ရေဝင်ရောက်မှုဖြစ်ပွား၊ ရေဘေးသင့်ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်

(မိုး/ဇလ) စက်တင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ခမောက်ကြီးချောင်းရေ မြင့်တက်ခဲ့ကာ ခမောက်ကြီးမြို့ ရပ်ကွက်(၁)အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးနှင့် ပရဟိတအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးခြင်း၊ နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးခြင်းနှင့် လိုအပ်သည့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထို့ပြင် ခမောက်ကြီးချောင်းရေ မြင့်တက်မှုကြောင့် ခမောက်ကြီးမြို့အနီး ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပေ ၂၀၀ ခန့် ရေကျော်လျက်ရှိပြီး မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့များက လမ်းကြောင်းပြအမှတ်အသားများ ပြုလုပ်ပေးထားကာ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ချောင်းရေမြင့်တက်မှုအခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး ရေဘေးအခြေအနေအပေါ် မူတည်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအဖွဲ့များက အသင့်စုဖွဲ့ထားကြောင်း သိရသည်။

ထိုသို့ ရေဘေးကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN