


(နိုင်ငံတကာ) စက်တင်ဘာ ၁၈
ရုရှားဖက်ဒရေးရှင်နိုင်ငံ ဒူးမားလွှတ်တော် လွှတ်တော်အမတ်များ ရွေးကောက်ပွဲသို့ ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်သူ ကိုယ်စားလှယ်များအဖြစ် ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ ကာလုဂါခရိုင်အတွင်းရှိ အယ်ထ်နာမီး (Ethnomir) ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခွဲတွင် တည်းခိုရာ ဟိုတယ်မှ ထွက်ခွာ၍ အယ်ထ်နာမီး ယဉ်ကျေးမှုနယ်မြေအတွင်း ကိုးကွယ်တည်ထားသည့် ရွှေစည်းဂုံ ပုံတူစေတီတော်သို့ သွားရောက်ဖူးမြော်ခဲ့ကြသည်။ ထို့နောက် ယဉ်ကျေးမှုနယ်မြေအတွင်း ခင်းကျင်းပြသထားသည့် နိုင်ငံတကာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ ပြကွက်များအား လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။



ဆက်လက်၍ မွန်းလွဲ ၄ နာရီတွင် အဆိုပါ ယဉ်ကျေးမှုနယ်မြေမှ ရုရှားတပ်မတော်၏ အဓိက ဘုရားကျောင်းတော် တည်ရှိရာ မျိုးချစ်ပန်းခြံ (ပါထွီအော့ပန်းခြံ) သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ကြပြီး ည ၇ နာရီတွင် တည်းခိုရာ ဟိုတယ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။