လှိုင်သာယာ(အနောက်ပိုင်း)၌ မော်တော်ယာဉ်မှ အချိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ သားအဖ ၂ ဦးအား ဝင်ရောက်တိုက်မိ

(မှုခင်း) စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်၌ မော်တော်ယာဉ်တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူများအား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၅ ရက် ည ၇ နာရီတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ် (၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ကြပြီး ထိုသို့ စစ်ဆေးခဲ့ရာ ဗိုလ်အောင်ကျော်လမ်းအတိုင်း မြောက်မှ တောင်သို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်နေ ဦးအောင်နိုင်သူ (၃၉) နှစ် မောင်းနှင်လာသည့် MITSUBISHI PICKUP မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ ကုလားကြီးစုကျေးရွာနေ ဦးသန်းထိုက်အောင် (၄၅) နှစ်နှင့် ၎င်း၏ သမီးဖြစ်သူ မရွှန်းဝတီသန်းထိုက် (၄) နှစ်တို့အား မဆင်မခြင် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးသန်းထိုက်အောင်တွင် ပြင်းထန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး သမီးဖြစ်သူ မရွှန်းဝတီသန်းထိုက်တွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ယာဉ်အား ပေါ့လျော့မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း အောင်နိုင်သူ အား သောင်ကြီးနယ်မြေရဲစခန်း၌ ယာဉ်(ပ)၁၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ တို့ဖြင့် အမှုဖွင့်လှစ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။