

(မှုခင်း) စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ တရားမဝင် Online လောင်းကစား လုပ်ငန်းများ ပြုလုပ်နေသည့် တရားခံ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၃၆ ဦးတို့အား ကွန်ပျူတာများ၊ ဖုန်းများနှင့် မော်တော်ယာဉ်များအပါအဝင် သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၁ ရက် ညပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၁)ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ နေအိမ်တစ်အိမ်၌ Online လောင်းကစား ပြုလုပ်နေကြောင်း တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ Agent အကောင့်များဖွင့်၍ Online Game လောင်းကစား ဦးဆောင်လုပ်ကိုင်သူ အေးဉာဏ်ပိုင် အပါအဝင် ၂၅ ဦးအား ကွန်ပျူတာ၊ ဖုန်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ပြီး ဩဂုတ်လ ၂၃ ရက်တွင် ပူးတွဲလုပ်ကိုင်သူ စိုင်းအောင်သူ(ခ)ဖိုးရှမ်း အား ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၁ ရက်အတွင်း အလုံမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်တို့၌ “99 Legends Online Game” လောင်းကစားလုပ်ငန်းတွင် အဓိက စီမံခန့်ခွဲသူ အောင်ကျော်(ခ)AK၊ HR နန်းဟွမ်ယုန်း၊ Leader ခိုင်နှင်းဝေ နှင့် အင်ကြင်းမြိုင် တို့အား သက်သေခံ ပစ္စည်းများနှင့်အတူ ဆက်လက် ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။


အောင်ကျော်(ခ)AK ၏ ထွက်ဆိုချက်အရ အဆိုပါလောင်းကစားလုပ်ငန်းကို မလေးရှားနိုင်ငံသို့ ထွက်ခွာသွားသူ တရုတ်(တိုင်ပေ)နိုင်ငံသား PI CHIEF YU (ခ) Jack Pi (ခ) JP ၏ စေခိုင်းမှုဖြင့် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး အောင်ကျော်(ခ)AKနှင့် ဆက်စပ်၍ Online 1D/2D/3D လောင်းကြေးစာရင်းများ ပေးပို့သူ အောင်ဇင်ဦး၊ ရဲကျော်ကျော် တို့နှင့်အတူ နည်းပညာနှင့် ငွေကြေး ထောက်ပံ့သူ နိုင်ဝင်းထွန်း(ခ)နိုင်ဝင်း၊ ရှယ်ယာဝင် တေဇာအောင်၊ လက်ခွဲလုပ်ကိုင်သူ ကျော်စွာဝင်း နှင့် စာရင်းကိုင် စန်းစပ္ပာယ်ဖူး တို့အား စက်တင်ဘာလ ၁ ရက်မှ ၈ ရက်အတွင်း လှိုင်သာယာ(အရှေ့ပိုင်း)၊ တောင်ငူ၊ တွံတေးနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့၌ အသီးသီး ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
ဖြစ်စဉ်တစ်ခုလုံးတွင် တရားမဝင် Online လောင်းကစား လုပ်ကိုင်သူ တရားခံ ၃၆ ဦးတို့အား အသုံးပြုသည့် ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများ၊ ဆက်စပ်ပစ္စည်းများနှင့် မော်တော်ယာဉ် ၂ စီးတို့ဖြင့် ဖမ်းဆီးရမိခဲ့သည့်အပြင် ၎င်းတို့ အသုံးပြုသည့် Bank Account ၁၂ ခုမှ လောင်းကစားပြုလုပ်၍ ရရှိထားသော ငွေကျပ် ၃,၉၆၈ သိန်းအား ထိန်းချုပ်ထားရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန် ကျန်တရားခံများအား ဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။