ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက်ဆိုကာ မြန်မာသမ္မတကို မလေးရှားလာရန် အန်ဝါ ဖိတ်ကြားမည်ဟုသတင်းထွက်ပေါ်

(နိုင်ငံတကာ) စက်တင်ဘာ ၁၇

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဘင်္ဂါလီဒုက္ခသည်များ ပြန်လည်လက်ခံရေးကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့် လာရောက်ရန် ဖိတ်ကြားမည်ဟု စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အန်ဝါအီဘရာဟင်က ယင်းကိစ္စကို မလေးရှားပြည်ထဲရေးဝန်ကြီးဌာနနှင့် ဝန်ကြီးအဖွဲ့ထံ လွန်ခဲ့သည့် နှစ်ပတ်ခန့်ကတည်းက အသိပေးထားပြီး မြန်မာနိုင်ငံအနေဖြင့် မလေးရှားနိုင်ငံတွင် ရှိနေသည့် မိမိနိုင်ငံသားဒုက္ခသည်များကို အဆင့်ဆင့် ပြန်လည်လက်ခံရန် သဘောတူညီမှုရရှိရေး ရည်ရွယ်ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ဖော်ပြချက်ကို ကိုးကားကာ CAN က ရေးသားထားသည်။

ဇူလိုင်လအတွင်း အန်ဝါအီဘရာဟင်က မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာ ၅,၀၀၀ ကို ကနဦးအဖြစ် ပြန်လည်လက်ခံရန် သဘောတူထားကြောင်း ပြောကြားခဲ့သည်ဟုလည်းဆိုသည်။

ထို့ပြင် မလေးရှားအစိုးရကလည်း အဆိုပါ ပြန်လည်ပို့ဆောင်ရေးအစီအစဉ်ကို အဆင့်ဆင့် ဆောင်ရွက်ရန် စီစဉ်ထားပြီး စက်တင်ဘာ ၂၉ ရက်တွင် ပထမအဆင့်အဖြစ် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မိမိဆန္ဒအလျောက် ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားကြောင်း ထုတ်ပြန်ထားသည်။

အန်ဝါအီဘရာဟင်က မြန်မာနိုင်ငံအနေဖြင့် ဒုက္ခသည် ၂၀၀,၀၀၀ ကို တစ်ကြိမ်တည်း ပြန်လည်လက်ခံရန် မဖြစ်နိုင်ပါက အဆင့်ဆင့် ပြန်လည်လက်ခံနိုင်ပြီး မလေးရှားဘက်ကလည်း အဆိုပါလုပ်ငန်းစဉ်ကို ကူညီပေးမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် မိတ်ဆွေဖြစ်နိုင်ပြီး ကုန်သွယ်မှုများ ဆောင်ရွက်နိုင်သော်လည်း မြန်မာနိုင်ငံဘက်ကလည်း မိမိနိုင်ငံသားဒုက္ခသည်များကို ပြန်လည်လက်ခံရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။

မလေးရှားနိုင်ငံတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) တွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ ၂၁၅,၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် မြန်မာနိုင်ငံမှ ဘင်္ဂါလီ ၁၂၆,၀၀၀ ကျော် ပါဝင်ကြောင်း နိုင်ငံတကာသတင်းတစ်ချို့က ဖော်ပြထားသည်။