ပျဉ်းမနား၌ စက်သုံးဆီ တရားမဝင် လက်ဝယ်ထားရှိ ရောင်းချသူများအား ဖမ်းဆီး

(မှုခင်း) စက်တင်ဘာ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း စက်သုံးဆီများ တရားမဝင် လက်ဝယ်ထားရှိ ရောင်းချသူ ၅ ဦးအား သက်သေခံ ဓာတ်ဆီများနှင့်အတူ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၂ ရက် နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်အတွင်း၌ စက်သုံးဆီများ တရားမဝင် လက်ဝယ်ထားရှိ ရောင်းချနေကြောင်း သတင်းအရ လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်စစ်ဆေးခဲ့ရာ ရွှေချီရပ်ကွက်နေ အောင်သူ (၃၇) နှစ်အား ဓာတ်ဆီ ၈ ဂါလံခန့်ပါ ပီပါ ၁ လုံး၊ ဆီပန့် ၁ ခုဖြင့် လည်းကောင်း၊ ရွာကောက်ရပ်ကွက်၊ ပဲသဲကျွန်းရပ်နေ သန့်ဇင် (၄၆) နှစ်အား ဓာတ်ဆီ ဂါလံ ၂၀ ခန့်ပါ ပီပါ ၁ လုံး၊ ဆီပန့် ၁ ခုဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ထို့ပြင် သူကြီးစု(၁)ရပ်၊ ပေ (၈၀) လမ်း၌ ရွာကောက်ရပ်ကွက်နေသူများဖြစ်ကြသည့် အောင်ကျော်သူဆွေ (၄၁) နှစ်အား ဓာတ်ဆီ ၇၄ ဂါလံခန့်၊ ဆီပန့် ၁ ခုဖြင့် လည်းကောင်း၊ ညီညီဝင်း (၄၄) နှစ်အား ဓာတ်ဆီ ၈ ဂါလံခန့်၊ ဆီပန့် ၁ ခုဖြင့် လည်းကောင်း၊ ကြည်စိုးအောင် (၂၇) နှစ်အား ဓာတ်ဆီ ၃၁၄ ဂါလံခန့်၊ ဆီပန့် ၁ ခုတို့ဖြင့် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် စက်သုံးဆီ တရားမဝင် လက်ဝယ်ထားရှိ ရောင်းချသူ အောင်သူ၊ သန့်ဇင်၊ အောင်ကျော်သူဆွေ၊ ညီညီဝင်းနှင့် ကြည်စိုးအောင် တို့ ၅ ဦးအား သက်ဆိုင်ရာ ရဲစခန်းအသီးသီး၌ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်လှစ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။