

(မှုခင်း) စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၌ မော်တော်ယာဉ် ၂ စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကူညီရေးအဖွဲ့များက သွားရောက်ကယ်ဆယ်၍ သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၂ ရက် နံနက် ၀၀ နာရီ ၁ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် ၉၁ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ပြည်မှ ရန်ကုန်သို့ ယာဉ်မောင်း ဦးရဲကိုကိုဦး (၃၂) နှစ် မောင်းနှင်လာသော TOYOTA DYNA (၆) ဘီးယာဉ်သည် စက်ချို့ယွင်း၍ လမ်းဘေး၌ ရပ်နားထားခဲ့ပြီး ထိုသို့ ရပ်နားထားစဉ် အနောက်မှ ယာဉ်မောင်း ဦးရန်နိုင်ဝင်း (၄၀) နှစ် မောင်းနှင်လာသည့် ISUZU (၁၂) ဘီးယာဉ်က ဝင်ရောက်တိုက်မိခဲ့ခြင်း ကြောင်းသိရသည်။
သတင်းရရှိသည်နှင့်တစ်ပြိုင်နက် လက်ပံတန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေးယာဉ်ဖြင့် အမြန်ဆုံး သွားရောက်၍ နံနက် ၁ နာရီ ၂၅ မိနစ်အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် TOYOTA DYNA ယာဉ်ပေါ်ပါ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့တွင် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာ ယာဉ်၏ နောက်ပိုင်း ပျက်စီးသွားခဲ့ကြောင်းနှင့် ISUZU ယာဉ်၏ ခေါင်းပိုင်း ပျက်စီးသွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့တွင်လည်း ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြကြောင်းသိရသည်။
ဒဏ်ရာရရှိသူများနှင့် သေဆုံးသူတို့အား လက်ပံတန်းမြို့နယ် နာရေးကူညီမှုအသင်း သာရေးနာရေး ယာဉ်များဖြင့် လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဦးရန်နိုင်ဝင်းနှင့် ဦးရဲကိုကိုဦး တို့ ၂ ဦးအား လက်ပံတန်းမြို့မရဲစခန်းက ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။