
(မိုး/ဇလ) စက်တင်ဘာ ၁၄
မုတ်သုံလေ အားအသင့်အတင့် ရှိနေခြင်းနှင့် တိမ်တိုက်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် စက်တင်ဘာလ ၁၄ ရက်မှ ၁၇ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အများစု၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေသည့်အပြင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်း၊ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကမ်းခြေဒေသများ၌ ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်မှ ပြတ်ထွက်လာသည့် တိမ်တိုက်များ ရောက်ရှိလာခြင်းတို့ကြောင့် ယနေ့ နံနက်ပိုင်းမှစ၍ စက်တင်ဘာလ ၁၇ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ ရွာသွန်းနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်သတိပြုနိုင်ကြပါရန် မိုးဇလက အသိပေး နှိုးဆော်ထားကြောင်းလည်း သိရသည်။