ဖလမ်းမြို့တွင် MPT ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိ၊ တွန်းဇံမြို့၌ ဆက်လက်တပ်ဆင်နေ

(ပြည်တွင်း) စက်တင်ဘာ ၁၂

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့တွင် စက်တင်ဘာ ၁၂ ရက်မှစ၍ MPT ဆက်သွယ်ရေးကွန်ရက်လိုင်းများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ထံမှ သိရသည်။

ဖလမ်းမြို့ပေါ်ရှိ မိုဘိုင်းစခန်းအမှတ် CHN00001 သည် စက်တင်ဘာ ၁၂ ရက် နံနက် ၁၂ နာရီ ၁၂ မိနစ်တွင် VSAT စနစ်မှတစ်ဆင့် ဆက်သွယ်မှု ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။လက်ရှိတွင် ဖလမ်းမြို့ပေါ်ရှိ ကျန်မိုဘိုင်းစခန်းအမှတ် CHN00015 နှင့် တွန်းဇံမြို့ပေါ်ရှိ မိုဘိုင်းစခန်းအမှတ် CHN00150 တို့ ဆက်သွယ်မှုရရှိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း MPT က ဆိုသည်။

ဖလမ်းမြို့နှင့် တွန်းဇံမြို့တို့တွင် MPT ဆက်သွယ်ရေးလိုင်းများ အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများကို ရန်ကုန်မြို့မှ ဖလမ်းမြို့နှင့် တွန်းဇံမြို့များသို့ မော်တော်ယာဉ်နှင့် လေယာဉ်များဖြင့် အဆင့်ဆင့် သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖလမ်းမြို့၌ ဆက်သွယ်ရေးစက်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သဖြင့် MPT ဆက်သွယ်ရေးကွန်ရက်လိုင်းများ ပြန်လည်ရရှိပြီး ဖလမ်းမြို့ဒေသခံပြည်သူများ ဆက်သွယ်ပြောဆိုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် တွန်းဇံမြို့တွင်လည်း ဆက်သွယ်ရေးလိုင်းများ အမြန်ဆုံးပြန်လည်ရရှိရေးအတွက် MPT ဝန်ထမ်းများက လိုအပ်သည့် စက်ပစ္စည်းများ တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ချင်းပြည်နယ်အတွင်း ဆက်သွယ်ရေးကွန်ရက်များ ပြန်လည်ရရှိရေးကို အထူးအလေးထား၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ဖလမ်းမြို့နှင့် တီးတိန်မြို့တို့၌ MPT ဆက်သွယ်ရေးကွန်ရက်လိုင်းများ ပြန်လည်ရရှိထားပြီဖြစ်ကြောင်း သိရသည်။