(မှုခင်း) စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်တွင် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် Alphard မော်တော်ယာဉ်တစ်စီး လမ်းမှားဝင်ရောက်ပြီး ပြန်လည်လှည့်ထွက်စဉ် ရေမြောင်းအတွင်း ဘီးကျွံခဲ့ရာမှ စစ်ဆေးဖမ်းဆီးခံရပြီး ကျပ်သိန်း ၅၁၀ ကျော်တန်ဖိုးရှိ အထောက်အထားမဲ့ တရုတ်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၀ ရက် ညနေပိုင်းတွင် လားရှိုးမြို့နေ မိုးကျော်ကျော် မောင်းနှင်ပြီး အမျိုးသား ၃ ဦး လိုက်ပါလာသည့် Alphard ယာဉ်သည် ရေအေးကွင်းရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးတစ်ခုအတွင်း လမ်းမှားဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူများက လမ်းမှားဝင်ရောက်လာသည်ကို သိရှိပြီးနောက် ယာဉ်အား ပြန်လည်လှည့်ထွက်ရန် ပြုလုပ်စဉ် ရေမြောင်းအတွင်း ဘီးကျွံခဲ့ခြင်းဖြစ်ပြီး ယင်းအခြေအနေတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ယာဉ်အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးရာတွင် ယာဉ်ပေါ်၌ အခွန်ပေးဆောင်ထားခြင်းမရှိသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများ တွေ့ရှိခဲ့သဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ဖွင့်ဖောက်စစ်ဆေးခဲ့ရာ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်သိန်း ၅၁၀ ကျော် ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မိုးကျော်ကျော်၊ ယာဉ်ပေါ်ပါ သန်းဇော်ထွန်း၊ စိုင်းဝဏ္ဏကျော်နှင့် ပစ္စည်းပိုင်ရှင် လဲ့ယဉ်ဝင်းမောင်တို့အား တောင်ကြီးနယ်မြေရဲစခန်းတွင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN