

(နိုင်ငံတကာ) စက်တင်ဘာ ၁၀
မြန်မာသမ္မတ၏ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်မတိုင်မီ ကမ္ဘောဒီးယား-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ Fairfield by Marriott ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ စစ်မှုထမ်းဟောင်းများနှင့် အငြိမ်းစားများအသင်းမှ မမ် ဝန်ဒီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
ဖိုရမ်ကို ကမ္ဘောဒီးယားနိုင်ငံ စစ်မှုထမ်းဟောင်းများနှင့် အငြိမ်းစားများအသင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီ ၆၀ မှ ကိုယ်စားလှယ်များ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ “ကမ္ဘောဒီးယား-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်” ကို “တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ကမ္ဘောဒီးယားက ကြိုဆိုပြီး အနာဂတ်ကို အတူတကွတည်ဆောက်ရန်၊ စစ်မှုထမ်းဟောင်းများနှင့် အငြိမ်းစားများအတွက်လည်း အကျိုးရှိစေရန်” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဖိုရမ်၏ ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယားနိုင်ငံအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပြီး နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ကာ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် စစ်မှုထမ်းဟောင်းများနှင့် အငြိမ်းစားများအတွက်ပါ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားဘုရင် နိုရိုဒမ် သီဟာမိုနီ (His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni) ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။