ကျောက်ဆည်မှာ စားအုန်းဆီတစ်ပိဿာ ၈,၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

(ပြည်တွင်း) စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှာ စားအုန်းဆီတစ်ပိဿာ ၈,၅၀၀ ကျပ်နှုန်းဖြင့် စားအုန်းဆီ အလေးချိန် ၃၉၈၁ ပိဿာကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ရောင်းချနေတာဖြစ်ပြီး ယနေ့ နံနက်ပိုင်းက စားအုန်းဆီ ၃၉၈၁ ပိဿာ ကို ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာ ၁၀ ရွာအား ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာ၌ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီဆိုင်များဖြစ်သည့် ဦးတင်လင်းအောင် (အမေထွား)၊ ဒေါ်သင်ဇာအောင်(နေလသုခ-၁)၊ ဒေါ်သီတာ(စစ်ငြိမ်း)၊ ဦးနန်းဦး (နဒီဧရာ)နှင့် ဒေါ်စန်းစန်းဌေး(နေလသုခ-၂) ဆီအရောင်းဆိုင်များမှ အိမ်ထောင်စုတစ်စုလျင် စားအုန်းဆီ နှစ်ပိဿာ ငါးဆယ်ကျပ်သားနှုန်းဖြင့် ဒွေးလှ၊ ရွာတော်၊ အေးရွာ၊ သပြေကုန်း၊ ချောင်းဆုံ၊ အရှေ့သံရွာ၊ အနောက်သံရွာ၊ ချောင်းဆုံ၊ မြေစို၊ သင်ပျို ကျေးရွာများနှင့် ဖောင်ရွာ၊ ရဲစု ရပ်ကွက်များ တွင် ရောင်းချပေးခဲ့ကြောင်း သိရပြီး ကျန်ရှိသည့် ရပ်ကွက်၊ကျေးရွာများများမှ ပြည်သူများကိုလည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။