ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းကိစ္စ မိုးညှင်းဒေသခံများကို ရှင်းလင်း

(ပြည်တွင်း) စက်တင်ဘာ ၁၀

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်များအား ဒေသတွင်းရှိ ပြည်သူများနည်ပညာဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲများကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ပြုလုပ်နေတာဖြစ်ပြီး ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များသည် ရပ်ရွာအခြေပြုတွေ့ဆုံဆွေးနွေးပွဲများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိနေခြင်းလည်း ဖြစ်သည်။

မိုးညှင်းမြို့ဒေသခံများနှင့် ဆွေးနွေးမှုကို စက်တင်ဘာလ ၉ ရက်နေ့က နံနက်ပိုင်းက အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါရှင်းလင်းပွဲကို မြို့မ၊ အောင်သပြေ၊ နားခါ၊ အရှေ့စု၊ အုတ်ကျင်းစသည့် ရပ်ကွက် (၅)ရပ်ကွက်မှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိုဆွေးနွေးမှုကို ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်အောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံကော်မတီအဖွဲ့ဝင်များက ဦးဆောင်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဆွေနွေးသူများက စီမံကိန်းဆိုင်ရာ သိသင့်သိထိုက်သည့် နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင် တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခုဖွံ့ဖြိုးတိုးတက်မှုကွာခြားသည့် နှိုင်းယှဉ်ဖော်ပြချက်များ၊ မြစ်ဆုံနေရာကိုရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာအားသာချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့အတူ စက်တင်ဘာ ၈ ရက်ကလည်း မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စုနှင့် ညောင်ကိုင်း ကျေးရွာအုပ်စုများအတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ကြပြီး မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကျရောက်လာနိုင်သည့်ဘေးအန္တရာယ်အပေါ် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဧရာဝတီမြစ်တစ်လျှောက် နေထိုင်သူများအတွက် ဆောင်ရွက်ပေးသွားအစီအစဉ်များ၊ စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း တာဝန်ယူကြီးကြပ်ဆောင်ရွက်သွားမည်အခြေအနေများနှင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်း၊ ခံစားခွင့်၊ စိုးရိမ်ပူပန်မှုများနှင့်စပ်လျဉ်း၍လည်း ပြည်နယ်ဝန်ကြီးများ၊ ဒေသခံ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဒေသခံများနှင့် ပွင့်လင်းရင်းနှီးစွာဆွေးနွေး ခဲ့ကြသည်။

အဆိုပါ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မိုးညှင်းခရိုင်အတွင်း မိုးကောင်းမြို့နယ်နှင့် ဟိုပင်ဒေသ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူနှင့် ရပ်ရွာအခြေပြုတွေ့ဆုံ ဆွေးနွေးပွဲ (၅)ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။