

(ပြည်တွင်း) စက်တင်ဘာ ၁၀
ပြည်ခိုင်ဖြိုးအစိုးရ သမ္မတဦးသိန်းစိန်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည့် ပြည်ထောင်စုဝန်ကြီးငြိမ်း ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦးကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ၏ အကြံပေးအဖွဲ့အဖြစ် ဖွဲ့စည်းထားကြောင်း ထွက်ပေါ်နေသည့် စာအရ သိရသည်။
အဆိုပါ အကြံပေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ပြည်ထောင်စုဝန်ကြီးငြိမ်း ဦးအောင်မင်း၊ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးငြိမ်း ဦးသိန်းဇော်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာမင်းဇော်ဦးနှင့် ဦးသက်နိုင်တို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါအဖွဲ့ကို ဩဂုတ် ၂၇ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ ခန့်အပ်ဖွဲ့စည်းခဲ့ကြောင်း ထွက်ပေါ်နေသည့် စာတွင် ဖော်ပြထားသည်။
ဖွဲ့စည်းလိုက်သည့် အကြံပေးအဖွဲ့အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီတို့ထံ လိုအပ်သည့် ငြိမ်းချမ်းရေးဆိုင်ရာ အကြံပြုချက်များ တင်ပြရန် တာဝန်ရှိကြောင်း သိရသည်။
ထို့အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လက်တွေ့ကျသည့် အကြံပြုချက်များ ဖော်ထုတ်ရန်လည်း တာဝန်ပေးထားကြောင်း သိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လေ့လာသုံးသပ်ပြီး သင့်လျော်ကောင်းမွန်သည့် သုတေသနပြုတွေ့ရှိချက်များ၊ လေ့လာဆန်းစစ်ချက်များနှင့် အကြံပြုစာတမ်းများ ဖော်ထုတ်တင်ပြရန်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်လာနိုင်ရေးအတွက် လေ့လာဆန်းစစ်ဖော်ထုတ်ခြင်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေနှင့် ခံစားခွင့်များကို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေမှ ကျခံသုံးစွဲရမည်ဖြစ်ကြောင်းလည်း သိရသည်။