ဗြိတိန်လေကြောင်းထိန်းချုပ်ရေးစနစ် ချို့ယွင်းမှုကြောင့် ခရီးစဉ် ၁,၀၀၀ ကျော် ဖျက်သိမ်းခဲ့ရ၊ NATS အကြီးအကဲအပေါ် ဖိအားမြင့်တက်

(နိုင်ငံတကာ) စက်တင်ဘာ ၉

အဓိက လေကြောင်းထိန်းချုပ်ရေးစနစ် ချို့ယွင်းမှုကြောင့် အင်္ဂါနေ့က နာရီပေါင်းများစွာ ရပ်ဆိုင်းခဲ့သည့် ဗြိတိန်လေဆိပ်များမှ လေယာဉ်ပျံသန်းမှုများသည် စက်တင်ဘာ ၉ ရက် နံနက်အစောပိုင်းတွင် ပြန်လည်စတင်ခဲ့သော်လည်း လေဆိပ်အချက်အချာများက လုပ်ငန်းဆောင်ရွက်မှုများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်ယူရမည်ဟု သတိပေးထားကြောင်း Reuters သတင်းအရ သိရသည်။

အဆိုပါ လေကြောင်းထိန်းချုပ်ရေးစနစ် ချို့ယွင်းမှုကြောင့် လေယာဉ်ခရီးစဉ် ၁,၀၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးသည် ရာနှင့်ချီ၍ သောင်တင်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ဗြိတိန်၏ လေကြောင်းထိန်းချုပ်ရေးဝန်ဆောင်မှုပေးသည့် NATS နှင့် ၎င်း၏အကြီးအကဲ Martin Rolfe အပေါ် ဖိအားများ ပိုမိုမြင့်တက်လာခဲ့သည်။ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး Heidi Alexander က ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းလင်းရန် Martin Rolfe ကို ဆင့်ခေါ်ထားပြီး စက်တင်ဘာ ၉ ရက်နှောင်းပိုင်းတွင် ဖြစ်စဉ်အကြောင်း ရှင်းလင်းချက်ရယူမည်ဖြစ်သည်။

ထို့အပြင် ဗြိတိန်၏ လေကြောင်းအခြေခံအဆောက်အအုံနှင့် နည်းပညာစနစ်များသည် လိုအပ်ချက်များနှင့် လုံလောက်စွာ ကိုက်ညီမှုရှိ၊ မရှိအပေါ် စိုးရိမ်မှုများလည်း ထွက်ပေါ်လာခဲ့သည်။

ယခုဖြစ်စဉ်သည် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပွားခဲ့သည့် ကြီးမားသော လေကြောင်းထိန်းချုပ်ရေးစနစ် ချို့ယွင်းမှုဖြစ်စဉ်အပြီး သုံးနှစ်ခန့်အကြာတွင် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

ထိုစဉ်က တစ်နှစ်အတွင်း ခရီးသွားလာမှုအများဆုံးရက်များအနက် တစ်ရက်တွင် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရခြင်းကြောင့် လေကြောင်းလိုင်းများအနေဖြင့် ပေါင်သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၃၅ သန်း) ခန့် ဆုံးရှုံးခဲ့သည်။

ထို့အပြင် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ရေဒါနှင့်ဆက်စပ်သည့် နည်းပညာချို့ယွင်းမှုကြောင့် လေယာဉ်ခရီးစဉ်များ ထိခိုက်ခဲ့ပြီး ဗြိတိန်၏ အကြီးဆုံးလေဆိပ်ဖြစ်သည့် London Heathrow အပါအဝင် အဓိကလေဆိပ်များ ထိခိုက်ခဲ့သည်။သယ်ယူပို့ဆောင်ရေးဝန်ကြီး Heidi Alexander က “ဖြစ်စဉ်ကနေ သင်ခန်းစာတွေ ရယူပြီး လေကြောင်းကဏ္ဍကို ထောက်ပံ့ပေးနေတဲ့ စနစ်တွေဟာ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိကြောင်း အာမခံချက်ရရှိဖို့ ကျွန်မ တောင်းဆိုနေပါတယ်” ဟု X တွင် ရေးသားခဲ့သည်။

ဥရောပ၏ အကြီးဆုံးလေကြောင်းလိုင်းဖြစ်သည့် Ryanair ကလည်း ၂၀၂၃ ခုနှစ်ကတည်းက NATS အကြီးအကဲ Martin Rolfe ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေခဲ့သည်။

ဗြိတိန်ရှိ Wizz Air ၏ မန်နေးဂျင်းဒါရိုက်တာ Yvonne Moynihan ကလည်း Rolfe အနေဖြင့် ၎င်း၏ရာထူးကို ပြန်လည်စဉ်းစားသင့်ကြောင်း စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

“ဘယ်လုပ်ငန်းကဏ္ဍမှာမဆို ချို့ယွင်းမှု သုံးကြိမ်ဖြစ်လာပြီဆိုရင် ‘သုံးကြိမ်မြောက်ဆို အဆုံးသတ်ပြီ’ ဆိုတဲ့အတိုင်း ကိုယ့်ရာထူးကို ပြန်စဉ်းစားဖို့ လိုအပ်တယ်လို့ ကျွန်မထင်ပါတယ်” ဟု ၎င်းက BBC သို့ ပြောကြားခဲ့သည်။NATS အကြီးအကဲ Martin Rolfe ကလည်း စက်တင်ဘာ ၉ ရက်တွင် ယင်းပြဿနာကြောင့် ထိခိုက်ခဲ့သူများအား တောင်းပန်ခဲ့ပြီး ဖြစ်စဉ်သည် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဖြစ်ပွားခြင်းမဟုတ်ကြောင်း ပယ်ချပြောဆိုခဲ့သည်။

ထို့အပြင် ယခုဖြစ်စဉ်သည် ယခင်စနစ်ချို့ယွင်းမှုများနှင့် ကွဲပြားမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“လေကြောင်းထိန်းချုပ်ရေးဝန်ဆောင်မှုရဲ့ ဘေးကင်းလုံခြုံရေးနဲ့ စနစ်ခံနိုင်ရည်ရှိမှု နှစ်ရပ်စလုံးအတွက် ဗြိတိန်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဂုဏ်သတင်းတွေထဲက တစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု Rolfe က BBC သို့ ပြောကြားခဲ့သည်။

၎င်းက ဖြစ်စဉ်အတွက် တာဝန်ယူကြောင်း ပြောဆိုခဲ့သော်လည်း လက်ရှိအဓိကအာရုံစိုက်မှုမှာ လေကြောင်းဘေးကင်းလုံခြုံရေးဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

လေယာဉ်ခရီးစဉ်များ ပြန်လည်စတင်ချိန်တွင် Heathrow လေဆိပ်ကလည်း အင်္ဂါနေ့ဖြစ်စဉ်ကြောင့် ခရီးစဉ်အစီအစဉ်များ ပြောင်းလဲထားနိုင်သဖြင့် လေဆိပ်သို့ မလာမီ မိမိတို့၏ လေကြောင်းလိုင်းနှင့် စစ်ဆေးရန် ခရီးသည်များအား တိုက်တွန်းခဲ့သည်။

“လေယာဉ်တွေနဲ့ လေယာဉ်အမှုထမ်းတွေကို နေရာပြန်လည်ချထားရတာကြောင့် နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု Heathrow လေဆိပ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“ဒီအခြေအနေဟာ ဘယ်လောက် စိတ်ပျက်စရာကောင်းတယ်ဆိုတာ ကျွန်တော်တို့ သိရှိပါတယ်။

ပုံမှန်လေကြောင်းဝန်ဆောင်မှုတွေကို အမြန်ဆုံး ပြန်လည်ရရှိနိုင်ဖို့ ဒေသခံ NATS အဖွဲ့နဲ့ လေကြောင်းလိုင်းမိတ်ဖက်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟုလည်း Heathrow က ဖော်ပြထားသည်။

ဗြိတိန်၏ ဒုတိယမြောက် လူသုံးအများဆုံးလေဆိပ်ဖြစ်သည့် London Gatwick ကလည်း ခရီးသည်များအနေဖြင့် လေဆိပ်သို့ မလာမီ မိမိတို့၏ လေကြောင်းလိုင်းနှင့် ဦးစွာ စစ်ဆေးရန် အကြံပြုခဲ့သည်။Ryanair က အင်္ဂါနေ့ဖြစ်စဉ်ကြောင့် ၎င်းတို့၏ ခရီးသည် ၁၅၀,၀၀၀ ခန့် ထိခိုက်ခဲ့ပြီး လေယာဉ်ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ရကြောင်း ပြောကြားခဲ့သည်။

British Airways ကလည်း လေယာဉ်ခရီးစဉ် ၁၀၀ ကို ဖျက်သိမ်းခြင်း သို့မဟုတ် အခြားလေဆိပ်များသို့ လမ်းကြောင်းပြောင်းခြင်း ပြုလုပ်ခဲ့ရပြီး ခရီးသည် သောင်းနှင့်ချီ ထိခိုက်ခဲ့ကြောင်း ဆိုသည်။

NATS သည် ဗြိတိန်အစိုးရ၊ လေကြောင်းလိုင်းများ၊ ပင်စင်ရန်ပုံငွေများနှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းပိုင်ဆိုင်သည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းလုပ်ငန်းဖြစ်ပြီး British Airways နှင့် easyJet အပါအဝင် လေကြောင်းလိုင်းများလည်း တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN