
(မှုခင်း) စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းက မြိတ်-ထားဝယ်ကားလမ်းပေါ်၌ တိုက်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၇ ရက် ည ၆ နာရီ ၁၅ မိနစ်တွင် ပုလောမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးကာ ဖြစ်စဉ်အား စိစစ်ခဲ့ကြောင်း သိရသည်။
စိစစ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပုလောမြို့နယ်၊ အထက်ပေါင်းကျေးရွာနေ ဦးမင်းနိုင်၊ အသက် ၅၇ နှစ်သည် ကျေးရွာ၏ အရှေ့တောင်ဘက် ၄ ဖာလုံခန့်အကွာရှိ မြိတ်-ထားဝယ်ကားလမ်းသို့ ခြေလျင်သွားရောက်ခဲ့ကြောင်း သိရသည်။
၎င်းသည် ကားလမ်းမပေါ်သို့ ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား တိုက်မိခဲ့ရာ မိုင်းပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးမင်းနိုင်အား ဆေးကုသမှုခံယူနိုင်ရန် ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။