မောတောင်မြို့အနီး လူမှုကူညီရေးယာဉ် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး

(မှုခင်း) စက်တင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့အနီးတွင် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းက လူမှုကူညီရေးအသင်းပိုင် မော်တော်ယာဉ်တစ်စီး ပစ်ခတ်ခံရမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီတွင် မောတောင်မြို့၊ မြို့မရပ်ကွက်နေသူများဖြစ်ကြသည့် အခြေခံပညာအထက်တန်းကျောင်း (မောတောင်) မှ အထက်တန်းပြကျောင်းဆရာမ ဒေါ်ဖြူဖြူသွယ်၊ အသက် ၄၅ နှစ်နှင့် ဦးဇော်မင်းထွန်း (ခ) သားကြီး၊ အသက် ၃၃ နှစ်တို့သည် “သင်္ဂဟမိတ္တ” လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် တနင်္သာရီမြို့မှ မောတောင်မြို့သို့ ထွက်ခွာလာခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်သည် သိန်ခွန်းကျေးရွာအနီးသို့ ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား (စိစစ်ဆဲ) က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါ ဦးဇော်မင်းထွန်း (ခ) သားကြီးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် မောတောင်မြို့ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တိုက်ခိုက်မှုတွင် ပါဝင်သူများ၏ အင်အားနှင့် ဖြစ်စဉ်အသေးစိတ်များကို ဆက်လက်စိစစ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN