သန်လျင်ရေနံချက်စက်ရုံ Phase I စက်တင်ဘာလကုန်တွင် စတင်လည်ပတ်နိုင်ရန် လျာထား၊ တစ်နှစ် ရေနံစိမ်းတန်ချိန် ၅ သိန်းအထိ ချက်လုပ်နိုင်မည်

(စီးပွားရေး) စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ သန်လျင်ရေနံချက်စက်ရုံ စီမံကိန်း၏ Phase I ကို ယခုစက်တင်ဘာလကုန်တွင် အဆင့်ဆင့် စတင်လည်ပတ်ထုတ်လုပ်နိုင်ရန် လျာထားဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က မီဒီယာတစ်ခုအား အင်တာဗျူးဖြေကြားထားချက်အရ သိရသည်။

သန်လျင်ရေနံချက်စက်ရုံတွင် ရရှိနိုင်မည့် ကုန်ကြမ်းအမျိုးအစားနှင့် ပမာဏအပေါ်မူတည်၍ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၅ သိန်းအထိ ချက်လုပ်နိုင်မည့် Modular Type Refinery ကို Phase I အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

စက်ရုံစီမံကိန်းကို ယခုနှစ် စက်တင်ဘာလကုန်တွင် အဆင့်ဆင့် စတင်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စက်ရုံသုံးကုန်ကြမ်းများကိုလည်း ဝယ်ယူစုဆောင်းထားပြီးဖြစ်ကြောင်း သိရသည်။

ကုန်ကြမ်းဖြစ်သည့် ရေနံစိမ်းကို ပြည်ပမှ ဝယ်ယူ၍ သတ်မှတ်ဆိပ်ကမ်းသို့ သင်္ဘောဖြင့် သယ်ယူလာပြီး ဆိပ်ကမ်းမှတစ်ဆင့် ပိုက်လိုင်းစနစ်ဖြင့် သန်လျင်ရေနံချက်စက်ရုံသို့ သယ်ယူပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေနံစိမ်း သင်္ဘောများသည် သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး ရေနံစိမ်းကို သန်လျင်စက်ရုံဘက်သို့ ပြန်လည်သယ်ယူမည်ဖြစ်ကာ လိုအပ်သည့် ရေနံစိမ်းကို ဝယ်ယူရရှိနိုင်သည့် နေရာများမှ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

စက်ရုံစီမံကိန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တိုင်းရင်းသားပိုင်ကုမ္ပဏီတို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Joint Venture System ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ထည့်ဝင်ထားသည့် အစုရှယ်ယာရာခိုင်နှုန်းအလိုက် အမြတ်ငွေများကို ခွဲဝေသွားမည်ဖြစ်ကြောင်း သိရသည်။

Phase I ပြီးစီးပါက Phase II ကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး Phase II ပြီးစီးချိန်တွင် နိုင်ငံတော်၏ လိုအပ်ချက်အပေါ် ဓာတ်ဆီ ၆၀ ရာခိုင်နှုန်းနှင့် ဒီဇယ်ဆီ ၅၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စက်ရုံမှ ထုတ်လုပ်ရရှိလာမည့် ထွက်ကုန်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးနိုင်ရေးအတွက် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီ မရှိသေးကြောင်း သိရသည်။

ထုတ်လုပ်ရရှိသည့် ထွက်ကုန်များကို နိုင်ငံတော်အစိုးရနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ Joint Venture Company မှ ဈေးကွက်အတွင်း ဖြန့်ဖြူးနိုင်ရေးအတွက် ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် – www.positiveanglenews.com

Telegram – t.me/positiveanglenews

#PAN