
(မှုခင်း) စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Mr. Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်တွင် ဆိုင်ရှင်ဖြစ်သူအား ဓားဖြင့်ထိုးကာ လက်ကိုင်ဖုန်းများ၊ ငွေသားနှင့် အသုံးအဆောင်ပစ္စည်းများ လုယက်ယူဆောင်သွားခဲ့သည့် ဖြစ်စဉ်မှ တရားခံအမျိုးသားလေးဦးကို လုယက်မှုမှ ရရှိခဲ့သည့် Oppo လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်ရှိ Mr. Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါအချိန်တွင် ဆိုင်ရှင် ဒေါ်ဖြိုးဇာလတ်၊ အသက် ၃၁ နှစ်သည် ဆိုင်ဝန်ထမ်းများနှင့်အတူ ဆိုင်သိမ်းနေစဉ် MASK တပ်ထားသည့် အမျိုးသားလေးဦးက ဆိုင်အတွင်း ဝင်ရောက်လာပြီး ဓားဖြင့် ခြိမ်းခြောက်၍ iPhone 16 Pro တစ်လုံး၊ Redmi Note 7 တစ်လုံး၊ Oppo အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ ငွေကျပ် ၁၀ သိန်းခန့်နှင့် အသုံးအဆောင်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် ၆၉ သိန်းခန့်ကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် ဆိုင်ရှင် ဒေါ်ဖြိုးဇာလတ်အား ဓားဖြင့် ထိုး၍ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ထိုးသွင်းဒဏ်ရာ သုံးချက်ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဘုရင့်နောင်နယ်မြေရဲစခန်းက (ပ)၁၉၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်မှတ်တမ်းများ စစ်ဆေးခြင်း၊ နယ်မြေသတင်းရယူ စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် တရားခံများဖြစ်သည့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်နေ ဆိုင်မွန်စွန်ကျဲထန်း၊ အသက် ၂၉ နှစ်ကို အဆိုပါရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ကောင်းဓမ္မာရုံလမ်းထောင့်၌ ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် တစ်ရပ်ကွက်တည်းနေ ခန့်လင်းထွဋ်၊ အသက် ၃၂ နှစ်နှင့် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်နေ ထက်အောင်(ခ)ဖိုးဂျိမ်း၊ အသက် ၂၈ နှစ်တို့ကို အမှတ်(၁၁)ရပ်ကွက်ရှိ ပုဂံလမ်းမပေါ်၌ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ထံမှ လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် အရိုး၊ အသွား ၁၀ လက်မခန့်ရှိ ဆန်ထိုးပိုက်တစ်ချောင်းနှင့် လုယက်မှုမှ ရရှိခဲ့သည့် Oppo အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်နေ အေးမျိုးကျော်(ခ)ပါကညော၊ အသက် ၂၃ နှစ်ကို ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ ဆိုင်မွန်စွန်ကျဲထန်း၊ ခန့်လင်းထွဋ်၊ ထက်အောင်(ခ)ဖိုးဂျိမ်းနှင့် အေးမျိုးကျော်(ခ)ပါကညောတို့ လေးဦးကို စစ်ဆေးရာ ၎င်းတို့သည် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ “သီတာရေစင်” အအေးခန်းဧည့်ရိပ်သာ၌ ရောက်ရှိတည်းခိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ငွေကြေးလိုအပ်ချက်အရ အမှတ်(၁)ရပ်ကွက်၊ အလောင်းဘုရားလမ်းရှိ Mr. Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်အား ဝင်ရောက်လုယက်ရန် တိုင်ပင်ခဲ့ကြပြီး ညပိုင်း ဆိုင်သိမ်းချိန်တွင် သွားရောက်ခဲ့ကြောင်း စစ်ဆေးချက်များအရ သိရသည်။
ယင်းနောက် ဆိုင်ရှင်နှင့် ဝန်ထမ်းများအား အသင့်ပါလာသည့် ဆန်ထိုးပိုက်ဖြင့် ခြိမ်းခြောက်ကာ ထက်အောင်(ခ)ဖိုးဂျိမ်းက ဆိုင်ရှင်အမျိုးသမီးအား ဆန်ထိုးပိုက်ဖြင့် သုံးချက်ထိုး၍ လက်ကိုင်ဖုန်းသုံးလုံးနှင့် ငွေကျပ် ၁၀ သိန်းကို လုယက်ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မရမ်းကုန်းမြို့နယ်ရှိ Mr. Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်၌ ဆိုင်ရှင်အား ထိုးနှက်လုယက်ခဲ့သည့် ထက်အောင်(ခ)ဖိုးဂျိမ်းပါ အမျိုးသားလေးဦးကို လုယက်မှုမှ ရရှိခဲ့သည့် Oppo အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများ ဆက်လက်သိမ်းဆည်းနိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။