
(မှုခင်း) စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် နွားကျောင်းနေသည့် အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး လက်လုပ်မိုင်းနင်းမိပြီး မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်နေ ဦးကျော်စိုး၊ အသက် ၆၁ နှစ်သည် အဆိုပါရပ်ကွက်ရှိ ဘိုးယားဆည်အနီး၌ နွားကျောင်းနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိခဲ့ခြင်းဖြစ်သည်။
လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဦးကျော်စိုးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကန့်ဘလူမြို့ (ခုတင်-၁၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ကန့်ဘလူမြို့ (ခုတင်-၁၀၀) ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်စဉ်အား စိစစ်ခဲ့ရာမှ အထက်ပါဖြစ်စဉ်ကို သိရှိရခြင်းဖြစ်ကြောင်း သိရသည်။