လွှတ်တော်ကဏ္ဍ ပိုမိုခိုင်မာစေရန် ၅ နှစ် မဟာဗျူဟာစီမံကိန်းဖြင့် အဆင့်လိုက်အကောင်အထည်ဖော်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြော

(လွှတ်တော်) စက်တင်ဘာ ၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်ကဏ္ဍ ပိုမိုမြင့်မားတိုးတက်စေရေးအတွက် လွှတ်တော်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်း ၅ နှစ်စီမံချက် ရေးဆွဲချမှတ်ထားပြီးဖြစ်ကာ အဆိုပါစီမံချက်ပါ ကဏ္ဍအသီးသီးကို အဆင့်လိုက်စနစ်တကျ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဦးခင်ရီသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုအဆင့်လွှတ်တော်များနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကဏ္ဍအသီးသီးကို သီးခြားစီ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လွှတ်တော်များဖြစ်ကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင် စနစ်တကျ ခိုင်မာအားကောင်းစေရေးနှင့် လွှတ်တော်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လွှတ်တော်များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

လွှတ်တော်ကဏ္ဍ မြှင့်မားတိုးတက်စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေများကို ကျကျနန သိရှိနားလည်အောင် လေ့လာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်၏ လုပ်ငန်းစဉ်များနှင့် လွှတ်တော်၏ အနှစ်သာရများကို ကောင်းစွာသိရှိနားလည်သဘောပေါက်ရန်လည်း လိုအပ်ကြောင်း ၎င်းက ပြောသည်။

လွှတ်တော်များ၏ အဓိကတာဝန်မှာ ဥပဒေပြုရေးနှင့် ပြည်သူကို ကိုယ်စားပြုရေးဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် လွှတ်တော်နှစ်ရပ်စနစ် (Bicameral) နှင့် လွှတ်တော်တစ်ရပ်စနစ် (Unicameral) ဟူ၍ လွှတ်တော်စနစ်များရှိကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီတွင် လွှတ်တော်တစ်ရပ်စီ ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်၏ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများနှင့် အနီးကပ်ဆုံးနေရာမှ ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်ပေးရသည့် အရေးကြီးသည့် လွှတ်တော်များဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

လွှတ်တော်သည် ပြည်သူ့အသံနှင့် ပြည်သူ့ဆန္ဒကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရသည့် နေရာဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့အသံကို ဖော်ဆောင်သည့်အနေဖြင့် မေးခွန်းများ၊ အဆိုများ တင်သွင်းရာတွင် စာအရေးအသား၊ စကားရပ်အသုံးအနှုန်းများနှင့်ပတ်သက်၍ နိုင်ငံတော်က အသိအမှတ်ပြုသုံးစွဲလျက်ရှိသည့် တရားဝင်အသုံးအနှုန်းများဖြင့်သာ သတိပြုရေးသား၊ ပြောဆို၊ ဆွေးနွေးကြရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများက ရွေးချယ်ပေးထားသူများဖြစ်သည့်အတွက် ပြည်သူများ၏ လိုအပ်ချက်များကို စိတ်ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

ထို့အပြင် လွှတ်တော်ကဏ္ဍ ခိုင်မာအားကောင်းစေရေးအတွက် ကော်မတီများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးကြောင်း၊ ကော်မတီများအနေဖြင့် ဥပဒေပြုရေးနှင့် အခြားလုပ်ငန်းစဉ်များတွင် ပိုမိုကျယ်ပြန့်စွာ တာဝန်ယူဆောင်ရွက်နိုင်ရန် တတ်သိပညာရှင်များ၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် လက်တွေ့ဆောင်ရွက်နေသူများကို ဖိတ်ခေါ်၍ အဖွဲ့များဖွဲ့စည်းကာ လွှတ်တော်လုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လွှတ်တော်အစည်းအဝေးခန်းမသည် လွှတ်တော်၏ မျက်နှာစာဖြစ်သကဲ့သို့ လွှတ်တော်က ဖွဲ့စည်းထားသည့် ကော်မတီများသည် လွှတ်တော်၏ အသဲနှလုံးဖြစ်သည်ဆိုသည့် ဆိုရိုးစကားအတိုင်း ကော်မတီများသည် အဓိကကျသည့် မဏ္ဍိုင်များဖြစ်ပြီး “လွှတ်တော်ငယ်များ” ဟု တင်စားနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

ကော်မတီများအနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသည့် ဥပဒေများကို လေ့လာဆန်းစစ်သုံးသပ်ရာတွင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ လက်တွေ့ဆောင်ရွက်နေသူများကို ဖိတ်ခေါ်ကာ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် ဥပဒေဆိုင်ရာ အခက်အခဲများနှင့် အကြံပြုချက်များကို လေ့လာသုံးသပ်ပြီး လွှတ်တော်ကို ပိုမိုခိုင်မာအားကောင်းအောင် ပံ့ပိုးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့ တာဝန်ယူစဉ်ကာလအတွင်း လွှတ်တော်ကဏ္ဍ ပိုမိုမြင့်မားတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းသည်။

လွှတ်တော်ကို လူထုလူတန်းစားအသီးသီးက ပိုမိုသိရှိစေရေးနှင့် လွှတ်တော်၏ ဆောင်ရွက်ချက်များကို မျက်မြင်ကိုယ်တွေ့ ထိတွေ့နိုင်ရေးအတွက် လွှတ်တော်သို့ လာရောက်လေ့လာနိုင်ရန် ဖိတ်ကြားခြင်း၊ အွန်လိုင်းမီဒီယာနှင့် Printed Media များကို အသုံးပြုခြင်းတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များနှင့် အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများကို ဖိတ်ကြားပြီး လွှတ်တော်လေ့လာရေးအစီအစဉ်များ ဖော်ဆောင်ပေးရန်၊ လွှတ်တော်၏ လုပ်ဆောင်ချက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် သတင်းပြန်ကြားရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ လွှတ်တော် Website များ တည်ထောင်ခြင်းနှင့် လူမှုကွန်ရက်စာမျက်နှာများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

လွှတ်တော်ကဏ္ဍ မြှင့်မားတိုးတက်ရေးအတွက် နိုင်ငံတကာလွှတ်တော်များကဲ့သို့ Open Parliament၊ Mock Parliament၊ Public Hearings နှင့် Online Petition Committee ကဲ့သို့သော ပါလီမန်ဆိုင်ရာ အလေ့အထများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းရည်မြှင့်တင်ရေးသာမက ဥပဒေပြုရေးလုပ်ငန်းများတွင် ပိုမိုအထောက်အကူပြုနိုင်ရန် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ Seminar များနှင့် Talk Show များ ပြုလုပ်ပေးသွားရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် လွှတ်တော်၏ အရည်အသွေးများကို ပိုမိုမြင့်မားအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံသည် အာဆီယံပါလီမန်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AIPO) စတင်ဖွဲ့စည်းစဉ်ကတည်းက ပါဝင်ခဲ့ပြီး ယခု အာဆီယံပါလီမန်များညီလာခံ (AIPA) တွင်လည်း အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိကြောင်း၊ အလားတူ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တွင်လည်း အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိကြောင်း သိရသည်။

နိုင်ငံတကာစာမျက်နှာနှင့် AIPA၊ IPU တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

လွှတ်တော်သည် နိုင်ငံတော်၏ အရေးပါဆုံး အမျိုးသားအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် လွှတ်တော်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လွှတ်တော်သည် နိုင်ငံတော်နှင့် ပြည်သူက ပိုမိုယုံကြည်အားကိုးအားထားပြုနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ကျင်းပခဲ့မှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့နှင့်အတူ မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ရေးရာကော်မတီများ၏ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် ကော်မတီဥက္ကဋ္ဌများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် – www.positiveanglenews.com

Telegram – t.me/positiveanglenews

#PAN