မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် ခေါင်လန်ဖူး-ရီဒမ်း လမ်းပိုင်းများ ပြန်လည်ပြုပြင်

(ပြည်တွင်း) စက်တင်ဘာ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ခေါင်လန်ဖူးမြို့မနှင့် ရီဒမ်းကျေးရွာကြား မိုးရာသီကာလ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် မော်တော်ကားလမ်းပိုင်းများကို ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့က စက်ယန္တရားများအသုံးပြု၍ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါလမ်းပိုင်းသည် ဒေသတွင်း သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် လမ်းပိုင်းတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပျက်စီးခဲ့သည့် နေရာများကို အမြန်ဆုံး ပြန်လည်ပြုပြင်နေခြင်းဖြစ်ကြောင်း သိရသည်။

လမ်းပိုင်းပြုပြင်ရာတွင် မြေထိုးစက်၊ မြေတူးစက် အပါအဝင် စက်ယန္တရားများ အသုံးပြုကာ ပျက်စီးသည့် လမ်းနေရာများကို ပြန်လည်ပြုပြင်၍ သွားလာရေး အဆင်ပြေစေရန် ဆောင်ရွက်နေကြောင်း သိရသည်။