အိမ်သစ် ၃,၀၀၀ ကျော် ဆောက်ပေးထားသော်လည်း ကမ္ဘောဒီးယားနေရပ်စွန့်ခွာသူများ နေရပ်ပြန်ရန် မျှော်လင့်နေဆဲ

(နိုင်ငံတကာ) စက်တင်ဘာ ၅

ထိုင်းနိုင်ငံနယ်စပ်နှင့် မဝေးသည့် ကမ္ဘောဒီးယားနိုင်ငံ မြေပြန့်ဒေသတစ်ခုတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် မိသားစုများအတွက် တူညီပုံစံရှိသည့် အိမ်အသစ် ၃,၀၀၀ ကျော်ကို အကွက်ပုံစံဖြင့် တန်းစီဆောက်လုပ်ပေးထားသော်လည်း နေထိုင်သူအများစုမှာ မိမိတို့၏ မူလနေရပ်သို့ ပြန်လည်သွားရောက်နေထိုင်လိုကြောင်း ပြောဆိုကြသည်။အဆိုပါကျေးရွာကို ကမ္ဘောဒီးယားအစိုးရက ယမန်နှစ် ထိုင်းနိုင်ငံနှင့် နယ်စပ်တိုက်ပွဲများအတွင်း လူအသေအပျောက်များ ဖြစ်ပေါ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကမ္ဘောဒီးယားမိသားစုများအတွက် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး “စောင့်ဆိုင်းကျေးရွာ” ဟု ခေါ်ဆိုထားသည်။ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၏ မြေနေရာများတွင် တဲများဖြင့် လပေါင်းများစွာ နေထိုင်ခဲ့ရပြီးနောက် လက်ရှိတွင် အဖြူရောင်တိုင်ထောင်အိမ်များ၊ စိမ်းလန်းသော သွပ်မိုးများနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ရန် မြေနေရာအနည်းငယ်စီ ပါဝင်သည့် အိမ်များ ရရှိထားသဖြင့် ယခင်ထက် နေထိုင်မှုအခြေအနေ သိသိသာသာ ပိုမိုကောင်းမွန်လာကြောင်း နေထိုင်သူများက ပြောသည်။သို့သော် အသက် ၃၉ နှစ်အရွယ် Keo Sotheary က “နေ့တိုင်း အိမ်ပြန်သွားဖို့ အိပ်မက်မက်နေတယ်” ဟု သူမ၏ လမ်းဘေးရှိ အလှကုန်ဆိုင်မှ ပြောကြားသည်။Keo Sotheary ၏ မိသားစုသည် ၁၉၉၂ ခုနှစ်ကတည်းက ကီလိုမီတာ ၂၀ ခန့် (၁၂ မိုင်ခန့်) အကွာရှိ နယ်စပ်ကျေးရွာ Boeung Trakuon တွင် နေထိုင်ခဲ့သော်လည်း ဒီဇင်ဘာ ၈ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ရပြီးနောက် မူလနေရပ်သို့ ပြန်လည်သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။“ထိုင်းတွေက ကျွန်မအိမ်ကို ယူသွားတယ်။ ဒီအကြောင်း မပြောချင်ဘူး။ ပြောလိုက်ရင် မျက်ရည်ကို ထိန်းမထားနိုင်ဘူး” ဟု သူမက ပြောသည်။နှစ်ရှည်ကြာ ဖြစ်ပေါ်နေသည့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုကြောင့် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလတွင်လည်း တစ်ဖန် ပြင်းထန်လာခဲ့ကာ နောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်။ပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့ရသူအများစုမှာ မိမိတို့၏ မူလနေရပ်များသို့ ပြန်လည်သွားရောက်နိုင်ခဲ့ကြသော်လည်း ကမ္ဘောဒီးယားနိုင်ငံသား ၂၀,၀၀၀ ကျော်မှာ ၎င်းတို့ ယခင်နေထိုင်ခဲ့သည့် နေရာများကို ထိုင်းစစ်သားများက ထိန်းချုပ်ထားခြင်းကြောင့် နေရပ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ဘန်ကောက်ဘက်ကမူ ကမ္ဘောဒီးယားနိုင်ငံသားများက နှစ်ပေါင်းများစွာ သိမ်းပိုက်နေထိုင်ခဲ့သည့် ထိုင်းပိုင်နက်မြေများကို ပြန်လည်ရယူခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုထားသည်။Banteay Meanchey ပြည်နယ်ရှိ ကျေးရွာအသစ်တွင် နေထိုင်သူများက မိမိတို့၏ ဘဝများကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေကြပြီး ကော်ဖီဆိုင်များ၊ အလှပြင်ဆိုင်များနှင့် ကုန်စုံဆိုင်များကို ဖွင့်လှစ်ထားကြသည်။ ထို့အပြင် ကျန်းမာရေးစင်တာတစ်ခုနှင့် ကျောင်းအများအပြားလည်း ရှိကြောင်း သိရသည်။အသက် ၄၈ နှစ်အရွယ် Im Chreb သည် ဧပြီလတွင် အဆိုပါကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ယခုအခါ သူမ၏အိမ်ရှေ့တွင် ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားကာ ဒေသခံများအပြင် ကမ္ဘောဒီးယားနိုင်ငံ၏ သြဇာအာဏာကြီးမားသည့် အစိုးရခေါင်းဆောင်ဟောင်း Hun Sen အတွက်ပါ ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။ Hun Sen သည် ဇွန်လတွင် အဆိုပါနေရာသို့ လာရောက်ခဲ့သည်။Im Chreb က လက်ရှိတွင် ဝင်ငွေကောင်းကောင်း ရရှိနေကြောင်း ပြောကြားခဲ့သော်လည်း ယခင်ဘဝနှင့် မူလနေရပ်အကြောင်း ပြန်လည်ပြောဆိုရာတွင် မျက်ရည်ဝဲလာခဲ့သည်။“ကျွန်မအိမ်ကို အခုထိ လွမ်းနေတုန်းပဲ။ ဘာလို့လဲဆိုတော့ နှစ် ၂၀၊ ၃၀ ကြာအောင် ကျွန်မ တည်ဆောက်ခဲ့သမျှ အရာအားလုံးက အဲဒီမှာ ရှိနေသေးတယ်” ဟု ၎င်းက AFP သို့ ပြောကြားခဲ့ပြီး ထိုင်းစစ်သားများကို “သူခိုးတွေ” ဟု ခေါ်ဆိုခဲ့သည်။