

(မှုခင်း)ဩဂုတ် ၃၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်သွားသည့် ယာဉ်မောင်း ၁ ဦး သေနတ်ဖြင့် လိုက်လံပစ်ခတ်ခံရသဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၉ ရက် နေ့လယ် ၁ နာရီကျော်အချိန်ခန့်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အကြား နမ့်ပန်းကျေးရွာအနီးရှိ MNDAA နှင့် AA အကြမ်းဖက်အဖွဲ့များ ပူးပေါင်းဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်တစ်ခု၌ မော်တော်ယာဉ်တစ်စီးသည် ရပ်တန့်စစ်ဆေးခံခြင်းမရှိဘဲ စစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်၍ ထွက်ပြေးသွားသောကြောင့် အကြမ်းဖက်များက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ယာဉ်မောင်းဖြစ်သူအား ကျည်ဆံထိမှန်၍ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။
အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ယာဉ်မောင်းအမျိုးသားမှာ တရုတ်လူမျိုး “အားလီ” ဆိုသူဖြစ်ကြောင်း ခရီးသွားများနှင့် ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
လက်ရှိတွင် မူဆယ်မြို့နယ်အတွင်း ကုန်သွယ်ရေးအရ အရေးပါသည့် ပြည်ထောင်စုလမ်းမကြီး တလျှောက်၌ MNDAA၊ AA နှင့် TNLA အကြမ်းဖက်အဖွဲ့များက အဓိက နေရာယူတပ်စွဲထားပြီး လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ်များအား တရားမဝင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ ဆက်ကြေးကောက်ခံခြင်းနှင့် နှောင့်ယှက်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၁၈ ရက်နေ့ကလည်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ KIA သောင်းကျန်းသူအဖွဲ့၏ စစ်ဆေးရေးဂိတ်ရှေ့၌ သဲကားမောင်းနှင်လာသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသား ၁ ဦးအား KIA တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရွှေမူဆယ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်းလည်း သိရသည်။