
(ပြည်တွင်း) ဩဂုတ် ၃၁
Gold Dream FC အသင်းမှ ဘောလုံးကစားသူ လူငယ် ၂ ဦး ပျောက်ဆုံးနေသည်မှာ ၁၀ ရက်ကျော်ကြာမြင့်သည်အထိ အဆက်အသွယ် မရရှိသေးဘဲ ရှာဖွေလျက်ရှိကြောင်း အဆိုပါ အသင်း၏ ထုတ်ပြန်ချက်များအရ သိရသည်။
ပျောက်ဆုံးနေသူများမှာ Gold Dream FC အသင်းမှ MFF Futsal League(1) 2025-2026 တွင် ပါဝင်ယှဉ်ပြိုင် ကစားနေသည့် ကျောနံပါတ် (၁၇)၊ အသက် (၂၁) နှစ်အရွယ် သီဟအောင် နှင့် လက်ရှိကျင်းပလျက်ရှိသော MFF U19 Youth Futsal League 2026 တွင် ကစားနေသည့် ကျောနံပါတ် (၁၁)၊ အသက် (၁၈) နှစ်အရွယ် စွမ်းထက်ကျော် တို့နှစ်ဦး ဖြစ်ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက် နေ့လည် ၃ နာရီအချိန်တွင် စွမ်းထက်ကျော်သည် Royal Noka FC အသင်းနှင့် ယှဉ်ပြိုင်ကစားပြီးနောက် သုဝဏ္ဏ ဘောလုံးကွင်းမှ သီဟအောင်နှင့်အတူ ပြန်လည်ထွက်ခွာလာခဲ့ရာ မြောက်ဒဂုံ (၅၀) ကွေ့သို့ ရောက်ရှိသည်အထိ အဆက်အသွယ် ရရှိခဲ့ပြီး နောက်ပိုင်းမှစ၍ ယနေ့အချိန်အထိ ကစားသမား ၂ ဦးလုံးနှင့် အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့သည်မှာ ၁၀ ရက်ကျော် ကြာမြင့်သွားပြီဖြစ်ကြောင်းသိရသည်။
ကစားသမားများ ပျောက်ဆုံးနေခြင်းကို Gold Dream FC အသင်းမှ ဝိုင်းဝန်းရှာဖွေလျက်ရှိသည့်အပြင် သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ လူပျောက်တိုင်ကြားစာ ဖွင့်လှစ်ထားရှိပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှ တာဝန်ရှိသူများကလည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အလားတူ ရန်ကုန်မြို့တွင် ဖူဆယ်ဘောလုံးပွဲ သွားရောက်ကြည့်ရှုပြီး အဆောင်သို့ ပြန်လာစဉ် ဩဂုတ်လ ၂၂ ရက်က အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့သည့် Chinland FC (Myanmar League 2) အသင်း၏ နောက်တန်းကစားသမား ဆလိုင်းပါလုံကိုမူ ၇ ရက်အကြာတွင် ဘေးကင်းစွာ ပြန်လည်တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။