ဘန်ကောက်မှ တရုတ်အမျိုးသမီးကို မြန်မာနယ်စပ်ဘက်သို့ ခေါ်ဆောင်လာစဉ် ကားပေါ်မှခုန်ချလွတ်မြောက်၊ ထိုင်းအမျိုးသား ၄ ဦး ဖမ်းဆီးခံရ

(နိုင်ငံတကာ) ဩဂုတ် ၂၅

ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုမှ တရုတ်အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲကာ မြန်မာနိုင်ငံနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ဘက်သို့ ခေါ်ဆောင်သွားသည့် ထိုင်းအမျိုးသား ၄ ဦးကို ကမ်ဖဲန်ဖက်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် အမျိုးသမီးကို ဘန်ကောက်မြို့မှ အနက်ရောင် Nissan Teana ကားဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ကားသည် တာ့ခ်ပြည်နယ်နှင့် နီးစပ်သည့် ကမ်ဖဲန်ဖက်ပြည်နယ်ကို ဖြတ်သန်းနေစဉ် လက်နှစ်ဖက်ကို ကေဘယ်ကြိုးများဖြင့် ချည်နှောင်ထားသည့် အမျိုးသမီးက ကားပေါ်မှ ခုန်ချ၍ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးမှာ မွန်မြို့နယ်၊ Nai Muang ရပ်ကွက်အတွင်း ကားပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ပြီး နှုတ်ခမ်းများရောင်ရမ်းနေသည့်အပြင် ခန္ဓာကိုယ်တွင်လည်း ထိခိုက်ဒဏ်ရာများ တွေ့ရှိခဲ့သဖြင့် အကြမ်းဖက်ခံထားရသည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။

ဖြစ်စဉ်နောက်ပိုင်း ကမ်ဖဲန်ဖက်ရဲတပ်ဖွဲ့က သံသယရှိသူများ စီးနင်းလာသည့် Nissan Teana ကားကို လိုက်လံရှာဖွေခဲ့ရာ မွန်မြို့နယ်၊ Lan Dokmai ရပ်ကွက်တွင် ကားကို လိုက်မှီပြီး အမျိုးသား ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးခံရသူများမှာ မဲဆော့မြို့နယ်ဇာတိ Somkiat အသက် ၄၁ နှစ်နှင့် Kittiporn အသက် ၂၄ နှစ်တို့ဖြစ်သည်။

အခြားသံသယရှိသူ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း တနင်္လာနေ့ညနေပိုင်းတွင် Lan Dokmai ရပ်ကွက်ရှိ ဒေသခံဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ကျောင်း၌ ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့မှာ Suchart အသက် ၄၁ နှစ်နှင့် Kittisak အသက် ၂၂ နှစ်တို့ ဖြစ်ကြသည်။

ရဲတပ်ဖွဲ့၏ ကနဦးယူဆချက်အရ အဆိုပါအဖွဲ့သည် တရုတ်အမျိုးသမီးကို တာ့ခ်ပြည်နယ် မဲဆော့မြို့နယ်သို့ ခေါ်ဆောင်ပြီးနောက် မြန်မာနိုင်ငံဘက်သို့ ဆက်လက်ပို့ဆောင်ရန် ရည်ရွယ်ထားဖွယ်ရှိကြောင်း သိရသည်။