
(ပြည်တွင်း) ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် တရားမဝင်အဆောက်အဦ ဆောက်လုပ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက ငွေကြေးလာဘ်လာဘ ရယူထားသည်ဟု အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် သတင်းအချက်အလက်များမှာ မှန်ကန်မှုမရှိကြောင်း မြေပြင်စစ်ဆေးချက်များအရ သိရှိရသည်ဟု တာဝန်ရှိသူများက ပြန်လည်ဖြေကြားထားသည်။
စစ်ဆေးချက်များအရ သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများအား ငွေကြေးပေးဆောင်ခဲ့မှု မရှိကြောင်း သိရှိရပြီး သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် တရားမဝင်အဆောက်အဦ ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ တားမြစ်အကြောင်းကြားစာများကို ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်၊ ဧပြီ ၂၀ ရက်၊ ဧပြီ ၂၇ ရက်နှင့် မေလ ၁၅ ရက်တို့တွင် စုစုပေါင်း ၄ ကြိမ် ပေးပို့ခဲ့ကြောင်း သိရသည်။
သို့သော် အဆောက်အဦ ဆောက်လုပ်မှု ဆက်လက်ပြုလုပ်နေသဖြင့် စည်ပင်သာယာရေးအဖွဲ့က ဆောက်လုပ်သူအား သန်လျင်တရားရုံးတွင် တရားစွဲဆိုခဲ့ရာ ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်တွင် ဒဏ်ငွေ ၁ သိန်း ချမှတ်ခဲ့ကြောင်း၊ ထို့နောက် ဩဂုတ် ၁၈ ရက်တွင် ထပ်မံ၍ ဒဏ်ငွေ ၇၁၀,၀၀၀ ကျပ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
လက်ရှိ မြေပြင်အခြေအနေတွင် အဆိုပါအဆောက်အဦများကို ဆောက်လုပ်သူများက ကိုယ်တိုင် ပြန်လည်ဖျက်သိမ်းလျက်ရှိပြီး ၉၀ ရာခိုင်နှုန်းခန့် ဖျက်ဆီးပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြန်လည်ဖြေကြားထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ဗလီဝန်းအတွင်း တရားမဝင်အဆောက်အဦများ ဆောက်လုပ်နေသည်ဟုဆိုကာ သွားရောက်မေးမြန်းဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် တရားမဝင် ဆောက်လုပ်မှုပြုလုပ်သူများ၊ ဥပဒေမဲ့ လုပ်ရပ်များကို လာဘ်ငွေရယူပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း မရှိဘဲ မျက်ကွယ်ပြုပေးထားသည့် သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများကို မည်သို့ အရေးယူဆောင်ရွက်မှုများကို မေးမြန်းထားခြင်းဖြစ်သည်။
တာဝန်ရှိသူများက တရားမဝင်ဆောက်လုပ်မှုများကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းထားသည်။