(ပြည်တွင်း) ဩဂုတ် ၂၂
အမျိုးသားမြေအသုံးချမှုကောင်စီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ရုံးအမှတ် (၃၉) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conference စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက မြေသယံဇာတကို စနစ်တကျ၊ မျှတစွာနှင့် ရေရှည်တည်တံ့စွာ စီမံခန့်ခွဲအသုံးချရန် လိုအပ်သည့် အခြေအနေများကို ဆွေးနွေးမှာကြားခဲ့သည်။
ထိရောက်သော မြေစီမံခန့်ခွဲမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးကြောင်း၊ ခေတ်နှင့်လျော်ညီပြီး တည်ဆဲဥပဒေပြဋ္ဌာန်းချက်များအကြား ထိန်းညှိပေးနိုင်သည့် အမျိုးသားမြေဥပဒေတစ်ရပ် ရေးဆွဲအတည်ပြုရန် လိုအပ်ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည့် အမျိုးသားမြေအသုံးချမှုမူဝါဒကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် ကဏ္ဍအလိုက် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများအကြား ကွဲလွဲမှုများကို ထိန်းညှိနိုင်ရန် အမျိုးသားမြေဥပဒေကို Umbrella Law အဖြစ် ပြဋ္ဌာန်းနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများကိုလည်း ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် မြေအသုံးချမှုကော်မတီများ ပြန်လည်ဖွဲ့စည်းရေး၊ မြေအသုံးချမှုဆိုင်ရာ သတင်းအချက်အလက်များ၊ မြေပုံများနှင့် မှတ်တမ်းများ စုစည်းရေး၊ အမျိုးသားမြေအသုံးချမှုစီမံကိန်းနှင့် မြေအသုံးချမှုဇုန်များ ရေးဆွဲဆောင်ရွက်ရာတွင် အထောက်အကူပြုမည့် လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

အလားတူ စိုက်ပျိုးရေးဖွံ့ဖြိုးမှုနှင့် ထုတ်လုပ်မှုတိုးတက်ရေး၊ ဈေးကွက်ချိတ်ဆက်ရေးတို့ကို ပေါင်းစပ်ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍လည်း အသေးစိတ်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဒုတိယသမ္မတက အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရေတို၊ ရေရှည် မဟာဗျူဟာများ၊ နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်၊ အမျိုးသားမြေဥပဒေ ရေးဆွဲထုတ်ပြန်နိုင်ရန်နှင့် ကောင်းမွန်သည့် မြေသယံဇာတအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာနိုင်ရန်အတွက် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကို ရှေးရှု၍ အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ကောင်စီ၏ လုပ်ငန်းတာဝန်များနှင့် အမျိုးသားမြေအသုံးချမှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အမျိုးသားမြေအသုံးချမှုဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက ပြန်လည်သုံးသပ်ဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။