(မှုခင်း) ဩဂုတ် ၂၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းဒေသအတွင်း ဩဂုတ် ၂၁ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်က လှည့်ကင်းဆောင်ရွက်နေသည့်အဖွဲ့က ယွန်းဒလင်းကုန်းကျေးရွာလမ်းဆုံတွင် ယာဉ်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မိုင်းပေါက်ကွဲသံကြားရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ယွန်းဒလင်းကုန်းကျေးရွာလမ်းဆုံတွင် ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မိုင်းပေါက်ကွဲသံကြားရသဖြင့် လှည့်ကင်းအဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ တောင်စွန်း-ဘီးလင်းသွားကားလမ်း မိုင်တိုင်အမှတ် (၈/၀) အနီး၊ ကော့ကမယ်ကျေးရွာနှင့် ကော့ကဒွတ်ကျေးရွာအကြား လမ်း၏ညာဘက်ဘေးရှိ ညောင်ပင်အနီး၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လက်လုပ်မိုင်းကို PDF အဖွဲ့က ထောင်ထားခြင်းဖြစ်ကြောင်း ကနဦးသိရှိရပြီး မိုင်းပေါက်ကွဲမှုကြောင့် လူ၊ တိရိစ္ဆာန်နှင့် အဆောက်အအုံများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများကို ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။