ရန်ကုန်နှင့် ပဲခူးတိုင်းရှိ သမဝါယမအသင်းသားများနှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံ

(ပြည်တွင်း) ဩဂုတ် ၂၂

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၌ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ဗဟိုသမဝါယမအသင်း၊ ရန်ကုန်တိုင်းဒေသကြီးစုချုပ်နှင့် မြို့နယ်အသင်းများက ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့အပြင် တာဝန်ရှိသူများက စပါး၊ ဝါနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နေမှု၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် မိရိုးဖလာစိုက်ပျိုးရေးမှ စနစ်တကျစိုက်ပျိုးရေးနှင့် စက်မှုလယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သမဝါယမအသင်းများအနေဖြင့် သီးနှံအထွက်နှုန်းတိုးမြှင့်ရေး၊ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရေးနှင့် ဈေးကွက်ရရှိရေး တို့ကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ပြီး နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့နိုင်ရေးအတွက် သမဝါယမကဏ္ဍ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။

သမဝါယမအသင်းများ၏ လက်ရှိလုပ်ငန်းများကို ပြန်လည်သုံးသပ်ကာ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များကို အလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် ဖော်ထုတ်ပြီး ရရှိလာသည့် ရလဒ်များအပေါ် အခြေခံ၍ နိုင်ငံတော်မူဝါဒနှင့် ကိုက်ညီအောင် ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ကြရန်လည်း မှာကြားခဲ့သည်။

ထို့အပြင် တောင်သူများအနေဖြင့် တစ်ဦးချင်းလုပ်ကိုင်ခြင်းထက် အစုအဖွဲ့စနစ်ဖြင့် စုပေါင်းစိုက်ပျိုးခြင်း၊ စုပေါင်းမွေးမြူခြင်း များကို ဆောင်ရွက်နိုင်ရေး စည်းရုံးဆွေးနွေးရန်နှင့် လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ အရင်းအနှီးများ ရရှိရေး၊ ထွန်ယက်စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းများတွင် စက်ယန္တရားများ အသုံးပြုနိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဝန်ဆောင်မှုပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

သမဝါယမအသင်းများ၏ လူ့စွမ်းအားအရင်းအမြစ် (HR) ဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းအမှုဆောင်များနှင့် အသင်းသားများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး စီမံကိန်းများ၏ စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး Database တည်ဆောက်ခြင်းနှင့် M&E စနစ် ထူထောင်ကာ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးတွင် တာဝန်ရှိသူများနှင့် သမဝါယမအသင်းသားများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။