အမေရိကန်က ပြည်နှင်ဒဏ်ပေးပို့မှုအဖြစ် လိုင်ဘေးရီးယားသို့ ပထမဆုံး လူ ၂၀ ဦး ပို့ဆောင်

(နိုင်ငံတကာ) ဩဂုတ် ၂၁

အမေရိကန်ပြည်ထောင်စုသည် လိုင်ဘေးရီးယားနိုင်ငံက ၎င်းနိုင်ငံသားမဟုတ်သူများကို လူ ၁,၂၀၀ အထိ လက်ခံရန် သဘောတူထားသည့် အစီအစဉ်အရ ပထမဆုံးအကြိမ်အဖြစ် ပြည်နှင်ဒဏ်ခံရသူ ၂၀ ဦးကို လိုင်ဘေးရီးယားနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်နှင်ဒဏ်ခံရသူ ၂၀ ဦးသည် ကြာသပတေးနေ့တွင် လိုင်ဘေးရီးယားနိုင်ငံ မြို့တော် Monrovia အပြင်ဘက်ရှိ Roberts International Airport သို့ ရောက်ရှိခဲ့ကြောင်း လိုင်ဘေးရီးယားတာဝန်ရှိသူများက ပြောကြားသည်။

လိုင်ဘေးရီးယား သတင်းအချက်အလက်ဝန်ကြီး Jerolinmek Piah ၏ ပြောကြားချက်အရ အဆိုပါ ပြည်နှင်ဒဏ်ခံရသူများတွင် အာဖရိကနိုင်ငံသားများအပြင် မြောက်အမေရိက၊ တောင်အမေရိကနှင့် ကာရစ်ဘီယံဒေသမှ နိုင်ငံသားများလည်း ပါဝင်မည်ဖြစ်သည်။

လိုင်ဘေးရီးယား တရားရေးဝန်ကြီး Natu Oswald Tweh က ပြည်နှင်ဒဏ်ခံရသူများအနေဖြင့် ဆန္ဒရှိပါက လိုင်ဘေးရီးယားနိုင်ငံတွင် ခိုလှုံခွင့် (Asylum) လျှောက်ထားနိုင်ကြောင်း ပြောကြားထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လိုင်ဘေးရီးယားနှင့် သဘောတူညီချက်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဖြေကြားခြင်းမရှိသော်လည်း Trump အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများ အကောင်အထည်ဖော်ရေးသည် “အဓိကဦးစားပေးလုပ်ငန်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အမိမြေလုံခြုံရေးဌာနကမူ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လုံခြုံရေးအကြောင်းပြချက်များကြောင့် ကြာသပတေးနေ့ ပြည်နှင်ဒဏ်ပေးပို့မှုများကို အတည်ပြုရန် ငြင်းဆိုခဲ့သည်။

တတိယနိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးပို့မှု တိုးချဲ့လာ
အမေရိကန်အစိုးရသည် ပြည်နှင်ဒဏ်ခံရသူများ၏ မူရင်းနိုင်ငံများအစား တတိယနိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးပို့ရန် သဘောတူညီချက်များ ကို နိုင်ငံအများအပြားနှင့် ပြုလုပ်ထားသည်။

Refugees International နှင့် Human Rights First တို့ ပူးပေါင်းဆောင်ရွက်သည့် Third Country Deportation Watch ၏ အချက်အလက်များအရ Trump အစိုးရသည် အခြားနိုင်ငံသားများကို လက်ခံရန် နိုင်ငံပေါင်း ၃၅ နိုင်ငံထက်မနည်း နှင့် သဘောတူညီချက်များ ပြုလုပ်ထားပြီး ယင်းတို့အနက် အာဖရိကနိုင်ငံ ၁၄ နိုင်ငံခန့် ပါဝင်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်များအရ လူပေါင်း ၂၃,၀၀၀ ကျော်ကို နိုင်ငံ ၂၆ နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။
သို့သော် လူ့အခွင့်အရေးအဖွဲ့များက တတိယနိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးပို့သည့် သဘောတူညီချက်များမှာ မကြာခဏ အသေးစိတ်မထုတ်ပြန်ဘဲ လျှို့ဝှက်ထားလေ့ရှိသဖြင့် ပြည်နှင်ဒဏ်ခံရသူများအနေဖြင့် ယခင်က တစ်ခါမျှ မရောက်ဖူးသည့်နိုင်ငံများသို့ ပို့ဆောင်ခံရခြင်းနှင့် လုံခြုံရေးအန္တရာယ်များ ရင်ဆိုင်ရနိုင်ခြေများ ရှိနေကြောင်း ဝေဖန်ထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လိုင်ဘေးရီးယားသည် လိုင်ဘေးရီးယားနိုင်ငံသားမဟုတ်သူများကို လက်ခံရန် သဘောတူထားကြောင်း ယခင်က ထုတ်ပြန်ခဲ့သည်။
သို့သော် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ရရှိခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည့် စာမျက်နှာ ၆ မျက်နှာပါ သဘောတူညီချက်တွင် မည်သည့်နိုင်ငံများမှ လူမည်မျှကို လက်ခံမည်ဆိုသည့် အသေးစိတ်အချက်အလက်များ မပါဝင် ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် လိုင်ဘေးရီးယားက အယ်လ်ဆာဗေးဒေါနိုင်ငံသား Kilmar Abrego Garcia ကို လက်ခံရန် ကမ်းလှမ်းခဲ့သည်။ ၎င်းသည် မူလက အယ်လ်ဆာဗေးဒေါနိုင်ငံသို့ မှားယွင်းပြည်နှင်ဒဏ်ပေးခံခဲ့ရသူဖြစ်သည်။

Abrego Garcia သည် မူရင်းနိုင်ငံသို့ ပြန်ပို့ရန် အမေရိကန်အစိုးရအနေဖြင့် အခက်အခဲရှိနေသဖြင့် လိုင်ဘေးရီးယားအပါအဝင် တတိယနိုင်ငံတစ်ခုသို့ ပို့ဆောင်ရန် ကြိုးပမ်းခံနေရခြင်းဖြစ်သည်။

၎င်းက Costa Rica သို့ ပြည်နှင်ဒဏ်ပေးပို့မည်ဆိုပါက လက်ခံမည်ဖြစ်ကြောင်း ပြောကြားထားသော်လည်း အမေရိကန်အစိုးရက ယခုအချိန်အထိ Costa Rica သို့ ပို့ဆောင်ခြင်း မပြုသေးပေ။

လက်ရှိတွင် Abrego Garcia သည် လိုင်ဘေးရီးယားသို့ ပြည်နှင်ဒဏ်ပေးပို့ခြင်းကို တားဆီးရန် Maryland ပြည်နယ် ဖက်ဒရယ်တရားရုံး၌ တရားစွဲဆိုကာ အမှုရင်ဆိုင်နေဆဲ ဖြစ်ကြောင်း သိရသည်။