တရားမဝင်လမ်းကူးဂိတ်တွင် အမှတ် (၇) အဆန် DEMU ရထားနှင့် ဘေးတွဲဆိုင်ကယ် ပွတ်တိုက်မှုဖြစ်ပွား

(မှုခင်း) ဩဂုတ် ၂၁

ရန်ကုန် - မန္တလေးရထားလမ်းပိုင်း သောင်းတိုင်ကုန်းနှင့် တောင်ငူဘူတာအကြား တရားမဝင်လမ်းကူး၌ အမှတ် (၇) အဆန် DEMU ရထားနှင့် ဆိုင်ကယ်ဘေးတွဲ ပွတ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဩဂုတ်လ၂၀ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်အချိန်ခန့်က အမှတ် (၇) အဆန် ရန်ကုန်-နေပြည်တော် DEMU လူစီးအမြန်ရထားသည် သောင်းတိုင်ကုန်းနှင့် တောင်ငူဘူတာအကြား မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၂ ကြားရှိ ကျေးရွာအစီအစဉ်ဖြင့် ဂိတ်စောင့် (ဖွင့်/ပိတ်) ပြုလုပ်သော တရားမဝင် လမ်းကူးဂိတ်၌ ဘေးတွဲဆိုင်ကယ်နှင့် ပွတ်တိုက်မှုဖြစ်ပွားပြီး DEMU ရထားစက်ခေါင်း၏ ရှေ့ညာဘက်မီးလုံးကွဲပြီး ဆေးပွန်းပဲ့မှုဖြစ်ပွား၍ ခရီးသည်များနှင့် ဝန်ထမ်းများ ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားရခြင်းမှာ တရားမဝင်လမ်းကူးဂိတ်၏ အရှေ့ဘက်မှ အနောက်ဘက်သို့ မောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်အမှတ် BGO 3215 သည် အရပ်သားဂိတ်စောင့်မှ ဝါးလုံးတန်းဖြင့် ဂိတ်ပိတ်တားဆီးထားသော်လည်း အရှိန်မထိန်းနိုင်ဘဲ ရထားလမ်းအား ဖြတ်ကျော်မောင်းနှင်မှုကြောင့် သောင်းတိုင်ကုန်းဘူတာမှ ဖြတ်သန်းမောင်းနှင်လာသော အမှတ် (၇) အဆန် DEMU ရထားဖြင့် ပွတ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဂိတ်သည် ကျေးရွာအစီအစဉ်ဖြင့် ဂိတ်စောင့်က (ပိတ်/ဖွင့်) ပြုလုပ်သော တရားမဝင်လမ်းကူးဂိတ်ဖြစ်ပြီး မြန်မာ့မီးရထားမှ ဂိတ်စောင့်တာဝန်ချထားခြင်းမရှိကြောင်း၊ ယခုရထားနှင့် ဘေးတွဲဆိုင်ကယ်တိုက်မိမှုဖြစ်စဉ်ကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ ဝင်းနိုင်ဦး (ဘ) ဦးတင်လှိုင်၊ ရေပုတ်ကုန်းရွာနေသူအား ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာနယ်မြေ တောင်ငူအမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားပြီး အဆိုပါဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှု (၃၅) မိနစ် ဖြစ်ပေါ်ခဲ့ကာ အခြားရထားများ ကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

Telegram – t.me/positiveanglenews

#PAN