နိပွန်ဖောင်ဒေးရှင်းက လေးမျက်နှာမြို့နယ် ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးနှင့် ငလျင်ဒဏ်ခံအဆောက်အဦ နည်းပညာသင်ကြားရေးတွင် ပူးပေါင်းကူညီမည်

(နိုင်ငံခြားရေး) ဩဂုတ် ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA နှင့် ဩဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ရုံးတော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာ ဆက်လက်လျှောက်လှမ်းနေမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများအပေါ် အမြင်များ ဖလှယ်ဆွေးနွေးခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်းအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဆက်လက်ကူညီပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးဒဏ်ခံစားခဲ့ရသည့် ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် ငလျင်ဘေးဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အဦများ တည်ဆောက်ရေးဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနိုင်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီပံ့ပိုးဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။