
(မှုခင်း) ဩဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)လဲချားမြို့နယ်၊ ဆီးဆောကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၄ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဩဂုတ်၁၀ရက် နံနက်ပိုင်းအချိန်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်းသတင်းအရ ပူးပေါင်းအဖွဲ့များပါဝင်သော တပ်မတော်စစ်ကြောင်းများသည် လိုအပ်သည့် ရှာဖွေစိစစ်မှုများ ဆောင်ရွက်စဉ် ဆီးဆောကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၅၀၀ ခန့်သို့အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၅၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေ ယာယီအလုပ်ရုံမိုးကာတဲ ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေ ယာယီလူနေမိုးကာတဲ ၁ လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၀ ပေ ထမင်းချက်ဆောင် မိုးကာတဲ ၁ လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေ ယာယီ လူနေမိုးကာတဲ ၁ လုံး၊ Star Link ၁၀ စုံ၊ Star Link ဗန်း ၂ ခု၊ Laptop ၂၅ လုံး၊ Power Station ၆ လုံး၊ Wifi U6 Pro ၆ ခု၊ Freezer (အလတ်) ၁ လုံး၊ ပလတ်စတစ်စားပွဲ၊ ကုလားထိုင်များ၊ မီးစက် ၂ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် အဆိုပါနေရာတစ်ဝိုက်အား ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဆီးဆောရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၁၁ ဦးတို့အားလည်းကောင်း၊ ဆီးဆောရွာ၏တောင်ဘက် မီတာ ၁၇၀၀ ခန့်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၆ ဦးကိုလည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ခဲ့သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၄ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။